ဧရာဝတီတိုင်းမ်
(ပေါက်ခေါင်း)၊ ဇန်နဝါရီ ၂၄ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ခရိုင်ချင်းဆက်လမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းတစ်ခုကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်၊ နံနက် ‌၄ နာရီဝန်းကျင်က ပြည်ခရိုင်တပ်ရင်း (၃၆၀၁ PPDF) တပ်ရင်း၊ တပ်ခွဲ-၂ ဧရာညီနောင်စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ခရိုင်ချင်းဆက်လမ်းမပေါ်ရှိ ချင်းလည်ငါးဘတ်ကုန်း စစ်‌ဆေးရေးဂိတ်စခန်းတွင် စစ်ကောင်စီ တပ်သား အင်အား ၃၀ ဝန်းကျင်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ တပ်သားသုံးဦးသေဆုံးပြီး သုံးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အထိုင်ချတပ်စွဲပြီး လမ်းသွားလမ်းလာ ပြည်သူတွေကိုငွေညှစ်၊ ဖုန်းပါရင်ဖုန်းသိမ်း၊ စျေးကုန်တွေကိုလည်းသူတို့ သတ်မှတ်ထားတာထက် ပိုဝယ်ရင်သိမ်းဆည်း ဖျက်ဆီးနေတဲ့ အရမ်းဆိုးတဲ့ဂိတ်ပါ” ဟု (၃၆၀၁ PPDF)တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်း ပြန်ကြားရေး တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များဘက်က အောင်မြင်စွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီကသေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ပေါက်ခေါင်းဘက်မှ ဆိုင်ကယ် နှစ်စီး၊ ကားတစ်စီးဖြင့် နံနက်မိုးမလင်းခင်တွင်ပင် လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။

ထို့ပြင် အဆိုပါနေ့ နံနက်ပိုင်းတွင်ပင် (၃၆၀၁ PPDF) တပ်ရင်း ၊တပ်ရင်း Sniper အဖွဲ့မှ ပေါင်းတည်မြို့နယ်အပိုင် ဂွေးတောက်ကွင်းရွာမှ ထွက်လာသည့် အင်အား ၅၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်တစ်ဦး အပြင်းအထန် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
#ပေါက်ခေါင်း #စစ်ကောင်စီစစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ #PDF #Ayeyarwaddy_Times