
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်းတွင် စစ်ကောင်စီက လူနေအိမ်များကို ဓာတ်ပုံရိုက်ယူကာ အိမ်ထောင် စုစာရင်း စစ်ဆေးခြင်းနှင့် အိမ်ထောင်ဦးစီးအမည်စာရင်း ပြုစုခြင်းများ လုပ်ဆောင်နေ၍ ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်ပြီး မြို့ကိုစွန့်ခွာလာသူများ ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် အဆိုပါလုပ်ဆောင်မှုကို ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယပတ်ကတည်းက စတင် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် အတွက်ပါ ဖိအားပေး လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။
“ရပ်ကွက်တိုင်း လိုလိုကို လုပ်နေတာ။ အိမ်ထောင်စုစာရင်းတွေ စစ်တာ။ အိမ်တွေကို ဓာတ်ပုံရိုက်တာ။ အိမ်ထောင်ဦးစီးနာမည်တွေကို စာရင်းကောက်တာတွေ လုပ်နေတယ်။ အချို့ဆိုရင် မြို့ပေါ်ရပ်ကွက်တွေမှာ မနေရဲတော့ဘဲ နယ်စပ်ဘက်တွေကို ထွက်သွားဖို့လုပ်နေတယ်” ဟု ပဲခူးမြို့တွင်နေထိုင်ခြင်း မရှိတော့ဘဲ ထွက်ခွာလာသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ပဲခူးမြို့တွင် ပြည်သူ့စစ်စုဆောင်းခြင်းကို အတင်း အကျပ်လုပ်ဆောင်နေသည့်အပြင် အိမ်ထောင်စုဇယားများတောင်းယူစစ်ဆေးခြင်း၊ အိမ်ထောင်ဦးစီးနာမည်စာရင်းများ တောင်းယူခြင်း၊ နေအိမ်များကို ဓာတ်ပုံရိုက်မှတ်တမ်းတင်နေခြင်းတို့ကြောင့် ရှောင်ပြေးထွက်ခွာလာသူ ၁၀၀ ကျော်အထိရှိလာနေကြောင်း ပဲခူးမြို့ပေါ်မှနေ၍ ထွက်ပြေးလာသူများထံကသိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပဲခူးမြို့ပေါ်ရှိ နိုင်ငံရေးနှင့် ပတ်သက်နေသူများ၊ NLD ပါတီဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို လိုက်လံဖမ်းဆီးခြင်းများ လုပ်ဆောင် ခဲ့ရာမှ ယခုနောက်ပိုင်းတွင် ဒေသခံသာမန်အရပ်သားများကို ဖမ်းဆီးခြင်းနှင့် ပြည်သူ့စစ်သင်တန်းကို မဖြစ်မနေတက်ရောက်ရန် အတင်းအဓမ္မ ခေါ်ယူခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်။
#ပဲခူးမြို့ #စစ်ကောင်စီ #အိမ်ထောင်စုစာရင်း #အိမ်ထောင်ဦးစီး #စာရင်းပြုစု #နေအိမ်များဓာတ်ပုံရိုက် #ပြည်သူ့စစ်စုဆောင်း #Ayeyarwaddy_Times