ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့ ရွှေရတုဧည့်ရိပ်သာနှင့် ပန်းခြံအနီး၌ ယနေ့မနက် ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
” မနက် ၁၁ နာရီ ၁၀ မိနစ်လောက်က ဗုံးပေါက်တာ။ ပန်းခြံနဲ့ ရွှေရတုဧည့်ရိပ်သားနားပါ။ စစ်တပ်က လမ်းပိတ်ပြီး စစ်ဆေးရေးလုပ်နေတဲ့အချိန်မှာကွဲတာပါ။ ထိခိုက်မှုအခြေအနေကတော့ မသိရသေးဘူး ” ဟု ဖျာပုံမြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖျာပုံမြို့နယ်စစ်ကောင်စီ၏ လပတ်အစည်းအဝေးပြုလုပ်နေချိန် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောဆိုကြသော်လည်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
ယနေ့မနက် ဖျာပုံမြို့၌ ဗုံးပေါက်ကွဲမှုဖြစ်စဥ်အား မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက သတင်းတစ်စုံတရာထုတ်ပြန်ထားခြင်းမရှိသေးပေ။
ဇူလိုင်လ ၂၈ ရက်နေ့ကလည်း အနက်ရောင်နဂါးကွန်မန်ဒိုတပ်ဖွဲ့(Black Dragon Commando) တပ်ဖွဲ့၏ ပထမဆုံးစစ်ဆင်ရေးအဖြစ် ဖျာပုံ-ကျိုက်လတ် လမ်းပေါ်က ချောင်းတွင်တံတားအဆင်းရှိ စစ်ဆေးရေးဂိတ်နှင့် ထွေအုပ်ရုံးက ရွှေရတုဧည့်ရိပ်သာကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အနက်ရောင်နဂါးကွန်မန်ဒိုတပ်ဖွဲ့(Black Dragon Commando) တပ်ဖွဲ့ထံမှ သိရသည်။