ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲကို ၁ ရက် ၂ သိန်းလိုင်းကြေးပေးပြီး ပြုလုပ်တဲ့ လောင်းကစားဝိုင်းတွေပိုမိုများပြားလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သခွတ်ကွင်းကျေးရွာအုပ်စု၊ သခွတ်ကွင်းကျေးရွာမှာ လောင်းကစားဝိုင်းပြုလုပ်ဖို့အတွက် လောင်းကစားဒိုင်တွေ က ၁ ရက်ကို ၂ သိန်း အင်ပင်နယ်မြေရဲစခန်းကိုပေးပြီးပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ စစ်ကောင်စီကခန့်ထားတဲ့အုပ်ချုပ်ရေးမှူး ဦးစိုးအောင်၊ စာရေးကြီး ဦးဝင်းနိုင်တို့က ညှိပေးတာ သူတို့ကလည်း ခွင့်ပြုချက်ပေးရတဲ့အထဲပါတယ် လိုင်းကြေးကတော့ အင်ပင်စခန်းကို ပေးရတာ”လို့ ဒေသခံအမျိုးသား တဦးက ပြောပါတယ်။
ခုလိုမျိုး စစ်ကောင်စီလက်အောက်ခံရဲတွေက ဖမ်းဆီးရမယ့်တာဝန်ကိုမလုပ်ဆောင်ဘဲ ငွေတောင်းပြီးခွင့်ပြု ထားတာဟာ ငွေရှာချင်တာကြောင့်နဲ့ တော်လှန်ရေးဘက် လူငယ်တွေအာရုံမရောက်စေချင်တာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီး ၆ လလောက်အကြာမှာ ဧရာဝတီတိုင်းထဲက မြို့နယ်တော်တော်များများမှာ လောင်းကစားဝိုင်းတွေကို အခကြေးငွေယူပြီး တရားဝင်ပုံစံမျိုးခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။