
အယိုက်လင်း / ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
ချင်းပြည်နယ်၊ ချင်းလဲန်းကာကွယ်ရေးတပ်(မရာ)၏ ဗျူးဟာမှူး တစ် ဦး အပါဝင် ရဲဘော် ခြောက်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့တွင် မရာလဲန်းကာကွယ်ရေးတပ်(MDF) တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
CDF (မရာ)၏ တပ်ခွဲမှူး ဖြစ်သည့် ရဲ CDM နှေချွန် နှင့် ရဲဘော် ဘွေယာတို့သည် ၎င်းတို့ တာဝန်ထမ်းဆောင်သည့် တပ်ရင်း(၄) မှ မိသားစု ကိစ္စဖြင့် ခွင့်ယူပြီးအပြန် ပလက်ဝမြို့နယ် ရွှေလိုက်ဝရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့တွင် MDF တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်းခံရသည့် ရဲဘော် နှစ်ဦးကို CDF(မရာ)မှ ပြန်လွတ်ပေးရန်တောင်းဆိုထားပြီး MDF နှင့် ရက္ခိုင့်တပ်တော်(AA) အရာရှိများသည် ၎င်းရဲဘော် နှစ်ဦးကို လက်နက်ခဲယမ်းမပါဘဲ ပြန်လာခေါ်ရန် အကြောင်းကြားထားကာ CDF(မရာ)၏ ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့သည် ရွှေလိုင်ဝကျေးရွာသို့ ဇန်နဝါရီ ၇ ရက်နေ့တွင် သွားရောက်ခေါ်ဆောင်ခဲ့ရာ ၎င်းတို့ကိုပါ ဖမ်းဆီးထိန်းသိမ်းခြင်းခံရကြောင်း သိရသည်။
“ကျွန်တော်တို့ လက်နက်ခဲယမ်းမပါဘဲ လာခေါ်ခိုင်းလို့ သူတို့ပြောတဲ့အတိုင်း သွားခဲ့ပါတယ်။ ဟိုရောက်မှ MDF နဲ့ AA က ကတိမတည်ဘဲ ဗျူဟာမှူးနဲ့ တပ်ရင်းမှူးကို ဖမ်းထားပါတယ်။ ဖမ်းထားတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူးနဲ့ ရဲဘော်တွေ ဒီနေ့ထိ အဆက်သွယ် မရသေးဘူး။ သူတို့အတွက် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်”ဟု CDF(မရာ) တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ဇန်နဝါရီ ၂၀ ရက်နေ့တွင် CDF(မရာ) ရဲဘော် နှစ်ဦးကို MDF တပ်ဖွဲ့မှ ထပ်မံ ဖမ်းဆီးထားကြောင်း သိရှိရသည်။ အဆိုပါ CDF(မရာ)၏ ဗျူဟာမှူးအပါဝင် ရဲဘော် ခြောက် ဦး ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ မြေပြသတင်း အတိကျမရရှိသေးကြောင်း သတင်းအမှန်ကို စုံစမ်းနေဆဲဖြစ်ကြောင်း MDF တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အဲဒါနဲ့ပတ်သက်တဲ့ ဘာမှ အတိအကျ သတင်းမရသေးပါ။ သူတို့ဘက်ကနေ ထုတ်ပြန်သတင်း နဲ့ ပတ်သက်လို့ သတင်းအမှန်ကို ဆက်လက် စုံစမ်းနေပါတယ်။ မြေပြင်ကသတင်း အတိအကျ မရသေးဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါ ဖမ်းဆီးခံထားရသူများနှင့် အဆက်သွယ်မရသည့်အတွက် အသက်အန္တရာယ် စိုးရိမ်နေကြကြောင်း နှင့် ၎င်း လုပ်ရပ်သည် တစ်ဖွဲ့နှင့် တစ်ဖွဲ့ကြားတွင် ပြသနာ ဖြစ်ပွားစေနိုင်ပြီး MDF တာဝန်ရှိသူများ အနေဖြင့် အောက်အငယ်များ လုပ်ရပ်များကို ကြီးကြပ်ကိုင်တွယ်သင့်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် ရဲဘော်များကို အမြန်ဆုံးလွတ်ပေးရန် CDF(မရာ) တောင်းဆိုထားသည်။
ဓာတ်ပုံ- ချင်းလဲန်းကာကွယ်ရေးတပ်-မရာ ရဲဘော်များ
#ချင်းပြည် #CDFMara #ရဲဘော်များ #MDF #AA #Ayeyarwaddy_Times