
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
စစ်ကောင်စီလက်အောက်မှ ခွဲထွက်၍ သီးခြားအဖွဲ့အစည်းဖြင့် ရပ်တည်မည်ဟု စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူက ကြေညာပြီးနောက် စစ်ကောင်စီဘက်က ၎င်းကို ဗိုလ်မှူးချုပ်ရာထူးတိုးပေး၍ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး (ဒကစမှူး) အဖြစ်ခန့်အပ်ကာ မက်လုံးပေးတွေ့ဆုံခဲ့ကြောင်း သိရသည်။
BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူသည် ယခု ဇန်နဝါရီလမှ စတင်၍ စစ်ကောင်စီထံက လစာမယူဘဲ သီးခြားအဖွဲ့အစည်းဖြင့် ရပ်တည်မည်ဟု ထိုင်းသတင်းဌာနတစ်ခုတွင် ဖော်ပြခဲ့သည်။
ထိုသို့ဖော်ပြခြင်းမပြုမီ စစ်ကောင်စီက ဇန်နဝါရီ ၁၉ ရက်နေ့တွင်BGF တပ်ဖွဲ့နှင့် ပထမ အကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက်
ညှိနှိုင်းမှုများ အဆင်မပြေ၍ ယမန်နေ့ ၂၃ ရက်တွင် စစ်ကောင်စီ၏ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးစိုး၀င်းကိုယ်တိုင်သွားရောက်၍ ညှိနှိုင်းမှုများပြု လုပ်ခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးမှုတွင် ဗိုလ်မှူးကြီးစောချစ်သူကို ဒကစမှူး အဖြစ် ခန့်အပ်ကာဗိုလ်မှူးချုပ်ရာထူးအထိတိုးပေးပြီး စစ် ကောင်စီတပ်၏ လက်အောက်တွင် နယ်ခြားစောင့်တပ် (BGF) အဖြစ် ဆက်လက်လုပ်ကိုင်ရန် ညှိနှိုင်းခဲ့ကြောင်း တပ် တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ဗိုလ်မှူးကြီးစောချစ်သူသည် BGF စတင်ဖွဲ့စည်းစဉ်ကတည်းက အဆိုပါ ရာထူးကို တောင်းခံခဲ့သော်လည်း စစ်တပ်က လိုက်လျောခြင်းမရှိခဲ့ကြောင်းနှင့် ယခုအချိန်တွင် သီးခြားရပ်တည်၍ ငြိမ်းချမ်းရေးတပ်ပုံစံဖြင့် သွားမည်ဖြစ်သောကြောင့် လာရောက်ဆွေးနွေးညှိနှိုင်းမှုများကို လက်ခံခြင်းမရှိတော့ကြောင်း BGF ဥက္ကဋ္ဌ စောထွန်းလှိုင်က KIC သတင်းဌာနကို ဖြေကြားထားသည်။
“ထိုင်း-မြန်မာနယ်စပ်မှာ လောင်းကစားတွေကို နှိမ်နင်း မယ်လို့ ထိုင်းနဲ့စစ်ကောင်စီ သဘောတူပြီးတဲ့နောက်ပိုင်း မှာ BGF ကနေ လစာမယူတော့ဘဲ ရွှေကုက္ကိုလ်မှာ ပြန်လာအထိုင်ချတာ။ သီးခြားအဖွဲ့အစည်းအဖြစ် ရပ်တည် သွားမယ်လို့ သိရတယ်။ သွားညှိတာလည်း လက်မခံဘူးကြားတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် BGF နယ်ခြားစောင့်တပ်ဖွဲ့များသည့် စစ်ကောင်စီရင် ဆိုင်နေသည့် ရှေ့တန်းစစ်မျက်နှာများမှ ပြန်လည်ဆုတ်ခွာကာ ရွှေကုက္ကိုလ်နှင့် BGF တပ်ရင်းဌာန ချုပ်သို့ပြန်လာ၍ ခံစစ်ပြင်ဆင်မှုများပြုလုပ်နေကြောင်း နယ်ခြားစောင့်တပ်နှင့်နီးစပ်သည့်ရဲဘော်တစ်ဦးထံက သိရသည်။
ရှေ့တန်းစစ်မျက်နှာများမှ စစ်ကောင်စီတပ်လက်အောက်ခံ (BGF)နယ်ခြားစောင့်တပ်များ ဆုတ်ခွာလာပြီးနောက် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနှင့်
BGF ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သက်ပိုင်ဦးတို့သည် ဇန်နဝါရီ ၁၉ ရက်နေ့တွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် လှိုင်းဘွဲ့မြို့နယ် ကြာအင်းကျေးရွာ၌ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ညှိနှိုင်းရာတွင် အဆင်မပြေခဲ့သည့်အတွက် BGF ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သက်ပိုင်ဦးကို စစ်ကောင်စီက ရာထူးမှဖြုတ်ချခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ညှိနှိုင်းမှုများ အဆင်မပြေခဲ့သော်လည်း စစ်တပ်ထောက်ခံ ဝါဒဖြန့်ချန်နယ်နှင့် လော်ဘီများက ဗိုလ်မှူးကြီးစောချစ်သူကို စစ်ကောင်စီ၏ နယ်ခြားစောင့်တပ် ဒကစမှူးအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ရေးသားဝါဒဖြန့်ထားသည်။
ပုံစာ- စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း
(ဝဲအစွန်) နှင့် စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ(အလယ်) အားတွေ့ရစဥ်
#နယ်ခြားစောင့်တပ် #BGFခေါင်းဆောင် #ဗိုလ်မှူးကြီးစောချစ်သူ #ခွဲထွက် #စစ်ကောင်စီမက်လုံးပေး #ရာထူးတိုး #လက်ခံမှုမရှိ #Ayeyarwaddy_Times