
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် တာသစ်ကြီးရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးပိုင် ပစ္စည်းဂိုထောင် ဖောက်ထွင်းခံရမှုနှင့် ပက်သက်၍ ပင်လုံရပ်ကွက်မှ ဒေသခံအမျိုးသား ၂၀ဦးထက်မနည်းကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ တစ်ပတ်ကြာ ရိုက်နှက်စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးပိုင် ပစ္စည်းဂိုထောင် ဖောက်ထွင်းခံရမှုနှင့်ပက်သက်၍ ပင်လုံရပ်ကွက်ဒေသခံအမျိုးသားများကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှ တစ်ပတ်ကြာဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။
“အုပ်ချုပ်ရေးမှူးပိုင်ဂိုထောင်ဖောက်ခံရတာကို ရပ်ကွက်ထဲကကောင်လေးတွေချည်းဖမ်းသွားတာ။ အဖောက်ခံရတဲ့ဂိုထောင်က သူများဆီကနေ အတင်းလေလံယူပြီး သိမ်းထားတဲ့ဂိုထောင်ဆိုတော့ ရမ်းပြီးလျှောက်ဖမ်းခိုင်းတာဖြစ်မယ်။ အယောက်၂၀လောက်ပါသွားတာ တစ်ပတ်ကြာမှပြန်လွှတ်ပေးတယ်”ဟု ပင်လုံရပ်ကွက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုကဲ့သို့ ဖမ်းဆီးခံရသူများကို ရဲတပ်ဖွဲ့ဝင်အချို့မှ ကျုံပျော်မြို့နယ်ရဲစခန်းအတွင်း ရိုက်နှက်စစ်ဆေးခဲ့ပြီးနောက် တစ်ပတ်အကြာ ဇန်နဝါရီလ ၂၀ ရက်နေ့ က တစ်ဦးလျှင် ငွေ ကျပ်ငါးသောင်းမှ တစ်သိန်းအထိ တောင်းယူ၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ပြန်လည်လွတ်မြောက်လာသူများထဲမှ ရှစ်ဦးမှာ ရိုက်နှက်ခံရသဖြင့် ရသည့်ဒဏ်ရာများကြောင့် ကျုံပျော်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံကသိရသည်။
ကျုံပျော်မြို့နယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီပထမအပတ်ကစပြီး မြို့တွင်း၌ ခိုးဆိုးလုယက်မှုနှင့် ဖောက်ထွင်းမှုပေါင်း ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိသော်လည်း ဒေသခံများကို သံသယရှိသူအဖြစ် ခေါ်ယူရိုက်နှက် စစ်ဆေးကာ ငွေကျပ်သိန်းချီတောင်းယူ၍ ပြန်လွှတ်ပေးလေ့ရှိကြောင်း ရဲစခန်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံကသိရသည်။
#ကျုံပျော် #အုပ်ချုပ်ရေးမှူး #ဂိုထောင် #ဖောက်ထွင်းခံရ #ဒေသခံလူငယ်#ဖမ်းဆီးရိုက်နှက်စစ်ဆေး #Ayeyarwaddy_Times