
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ရက်
ဧရာဝတီတိုင်း မအူပင်မြို့အခြေစိုက် အမှတ် (၂၇) ခြေလျင်တပ်ရင်းတွင် အရပ်သား ဒေသခံအချို့ကို စစ်သင်တန်းများပို့ချနေကြောင်း ဒေသခံများထံက သိရသည်။
ထိုသို့ စစ်သင်တန်းတက်ရောက်နေသူများသည် မအူပင်ခရိုင်အတွင်းရှိ ကျေးရွာများမှ ပြည်သူ့ စစ်စုဆောင်းခြင်းခံထားရသူများဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက် နေ့ကတည်းက စစ်သင်တန်း ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
“ခလရ (၂၇) တပ်ရင်းထဲမှာ ပို့ချနေတာ ဒီကနေ့ဆိုရင် ၄ ရက်မြောက်ရှိပြီ။ ပြည်သူစစ် စုဆောင်းခံရသူ အယောက် ၇၀ ရှိတယ်။ မြို့အခြေစိုက်တပ်ကတော့ ရှေ့တန်း ထွက်နေတာ။ တိုင်းစစ်ဌာနချုပ်က လာပေးနေတာဖြစ်နိုင်တယ်” ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အမှတ် (၂၇) ခြေလျင်တပ်ရင်းသည် မအူပင်မြို့၊ ညောင်တုန်းမြို့၊ ပန်းတနော်မြို့နှင့် ဓနုဖြူမြို့နယ်များအတွင်းရှိ ကျေးရွာများမှ ပြည်သူစစ်အဖြစ်စုဆောင်း ရရှိထားသူများကို စစ်သင်တန်းများ ပို့ချနေခြင်းဖြစ်ကြောင်းသိရသည်။
“ စစ်တပ်အာဏာမသိမ်းခင်က ရပ်ကွက် ကျေးရွာအလိုက် ရပ်ရွာစောင့်ရှောက်ဖို့ဆိုပြီး ပြည်သူ့စစ်သင်တန်းတွေ ပေးဖူးတာရှိတယ်။ အခုသင်တန်းပေးနေတာက စစ်ကောင်စီ တပ်တွေ အင်အားနည်းလာတာကြောင့် စစ်သားတွေနဲ့ပူးပေါင်းပြီး စစ်မြေပြင် တွေကို ပို့မှာ” ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူကဆိုသည်။
ပန်းတနော်မြို့နယ် နှင့် ညောင်တုန်းမြိုနယ်တို့ရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ၂၀၂၂ခု နှစ် ဧပြီလအတွင်းက ပြည်သူ့စစ်ဖွဲ့ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖိအားပေး စုဆောင်းခိုင်းသည့် ဖြစ်စဉ်များရှိခဲ့သည်။
ထိုစဉ်က ပြည်သူ့စစ်သင်တန်းပို့ချကို အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ကောင်စီ တပ်သားများက အဆိုပါကျေးရွာများတွင်ပင် စစ်သင်တန်းပေးခဲ့ပြီး ယခုအခါ မအူပင်မြို့အခြေစိုက်တပ်ရင်း (၂၇)တွင် စစ်သင်တန်းပေးနေခြင်း ဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံက သိရသည်။
ပုံစာ-မအူပင်အခြေစိုက် အမှတ် (၂၇) ခြေလျင်တပ်ရင်း
#မအူပင်မြို့ #ခလရ၂၇ #အရပ်သားများ #စစ်သင်တန်းပို့ချ #Ayeyarwaddy_Times