
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်
၃၅ နှစ်ကျော်ကာလအတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုပြုလုပ်မယ့် နေတိုးအဖွဲ့ရဲ့ဆုံးဖြတ်ချက်က စစ်ရေးဖြစ်စဉ်တွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒားဂရပ်ရှ်ကိုက သတိပေး လိုက်ပါတယ်။
တပ်ဖွဲ့ဝင် ၉၀၀၀၀ ဝန်းကျင် ပါဝင်မယ့် ‘Steadfast Defender 2024’ လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ ကျင့်မှုတစ်ခု စတင်မယ်လို့ နေတိုးအဖွဲ့က ပြောကြားပြီးနောက် ဂရပ်ရှ်ကို ရုရှားနိုင်ငံပိုင်သတင်းဌာန RIA Novosti နဲ့ အင်တာဗျူးတစ်ခုမှာ အခုလို သတိပေးခဲ့တာပါ။
စစ်အေးကာလနောက်ပိုင်း နေတိုးအဖွဲ့ရဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်တပ်ဖွဲ့တွေက ပဋိပက္ခဖြစ်လာရင် ဉရောပမဟာမိတ်တွေထံ ဘယ်လို အင်အားဖြည့်တင်းနိုင်တယ်ဆိုတာကို ထုတ်ဖော်ပြသမယ် လို့ အမေရိကန်ကြည်းတပ်ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာကာဗိုလီက ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုဟာ စစ်ရေးဖြစ်စဉ်တွေ သိသိသာသာ တိုးမြှင့်စေနိုင်သလို လုံခြုံရေးအခြေအနေကို ပိုမို မတည်မငြိမ်ဖြစ်စေနိုင်တယ်လို့ ဂရပ်ရှ်ကိုက ပြောပါတယ်။
ရုရှားနဲ့စစ်ဖြစ်နေတဲ့ ယူကရိန်းကို စစ်ရေးအကူအညီ ထောက်ပံ့ပေးမှုကြောင့် ရုရှားက နေတိုးအဖွဲ့ဝင်နိုင် ငံတွေကို တိုက်ခိုက်နိုင်တယ်လို့ ရုရှား တာဝန်ရှိသူတွေက အရိပ်အမြွက်ပြောပါတယ်။
ယူကရိန်းသို့ စစ်ရေးအကူအညီပေးတဲ့တိုင်းပြည်တွေဟာ တရားဝင် စစ်ရေးပစ်မှတ်တွေဖြစ်သင့်တယ်လို့ ရုရှားသမ္မတဟောင်း ဒီမီထရီမတ်ဗီဒတ်ဗ်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြောကြားခဲ့ဖူးပါတယ်။
နေတိုးအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ မဟာမိတ်နိုင်ငံ ၃၁ ခုနဲ့ ဆွီဒင်နိုင်ငံမှ တပ်ဖွဲ့ဝင် ၉၀၀၀၀ ပါဝင်ကာ ဒီသီတင်းပတ်မှ မေလအထိ ကြာမြင့်မယ်လို့ အမေရိကန်ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာကာဗိုလီက ပြောပါတယ်။
၁၉၈၈ ခုနှစ်က ‘Reforger’ လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ စစ်သည် ၁၂၅၀၀၀ ပါဝင်ခဲ့ ရာ ယခုစစ်ရေးလေ့ကျင့်မှုက စစ်အေးကာလနောက်ပိုင်း တပ်ဖွဲ့ဝင်အများဆုံးပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်လာပါ တယ်။
ရုရှားနိုင်ငံဟာ လုံခြုံရေးနဲ့ ကာကွယ်ရေးစွမ်းရည် အရင်းအမြစ်အားလုံး ပိုင်ဆိုင်ထားတာကြောင့် နေတိုး အဖွဲ့ရဲ့ ယခုလို ရန်စသောစစ်ရေးလေ့ကျင့်မှုမျိုးကို မကြောက်ရွံ့ဘူးလို့ ဂရပ်ရှ်ကိုက ပြောပါတယ်။
ကိုးကား – Newsweek
Ref; NATO Drills Could Provoke ‘Military Incidents,’ Russia Warns