ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီ ၂၃ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကြီးကျေးရွာသို့လာသည့် စစ်ကောင်စီလက်အောက်ခံ အမြောက်တပ် အမတ-၃၁၆ တပ်ရင်း တပ်ရင်းမှူး (ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ) အောင်ဇင်လတ်ကို ယနေ့ ဇန်နဝါရီ ၂၃ ရက်၊ နံနက် ၈ နာရီဝန်းကျင်က ရေးဘီလူးအဖွဲ့က သေနတ်ဖြင့် ပိတ်ဆို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ကလော့ကြီးကျေးရွာအခြေစိုက် အမတ-၃၁၆ တပ်ရင်းမှူး အောင်ဇင်လတ် ရွာအတွင်းသို့လာစဉ် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကာ သေဆုံးခဲ့ခြင်းမရှိသော်လည်း ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယခုအခါရေးမြို့ဆေးရုံသို့ပို့ဆောင်၍ လက်တစ်ဖက်ဖြတ်ရမည့် အခြေအနေတွင် ရှိနေကြောင်း ရေးဘီလူးအဖွဲ့ထံက သိရသည်။

“ကလော့ကြီးထဲကို ဝင်လာခဲ့တဲ့အမြောက်တပ် တပ်ရင်းမှူးကို စောင့်ပစ်တယ်။ သူလာတဲ့အချိန်မှာ ကျွန်တော်တို့ပစ်ရတဲ့အခြေအနေက သိမရှင်းလင်းဘူးဗျ။ အနီးကပ်ရောက်မှ ပစ်ရတဲ့အတွက် သူကကားကိုမောင်းပြေးသွားနိုင်တယ်။ ဒါပေမဲ့ပိုင်ပိုင်နိုင်နိုင်ပစ်ခဲ့တဲ့အတွက် အခုတော့ဆေးရုံရောက်နေတယ်လို့သိရတယ်။ အခြေအနေကတော့စိုးရိမ်စရာ ဒဏ်ရာတွေရထားတယ် လက်တစ်ဖက်ဖြတ်ရမယ်လို့လဲ ကျွန်တော်တို့သတင်းအတိအကျရထားတယ်” ဟုရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်ရင်းမှူး အောင်ဇင်လတ် ပစ်ခတ်ခံရမှုအပြီးတွင် စစ်ကောင်စီက ဟံဂံကျေးရွာနှင့် ကလော့ကြီးကျေးရွာအကြားတွင် ဖောကား အများအပြားဖြင့် လာရောက်ပြီး စစ်ဆေးရေးများပြုလုပ်ကာ ၎င်းတို့မသင်္ကာသည့် ဒေသခံများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ရေး-မော်လမြိုင်ကားလမ်းပေါ်ရှိ စစ်ကောင်စီကြိုးတံတားဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုး ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ရေးဘီလူး
#ရေး #ရေးဘီလူး #စစ်ကောင်စီအမြောက်တပ် #အမတ၃၁၆ #တပ်ရင်းမှူး #ပစ်ခတ်ခံရ #Ayeyarwaddy_Times