
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်
ကမ္ဘာ့တစ်ဝန်းရှိသတင်းသမားများကို ၁၉၉၂ နှစ်နောက်ပိုင်းနှစ်ပေါင်း ၃၀ ကျော်အကြာတွင်ထောင်ချခံရမှုပိုမို များလာကာ သတင်းသမား ၃၂၀ ဦး ထောင်ချခံခဲ့ရကြောင်း သတင်းသမားများကာကွယ် ရေးကော်မတီ (CPJ )Prison Census 2023 အစီရင်ခံစာအရသိရသည်။
သတင်းသမားများကိုထောက်ချရာတွင် အမြစ်တွယ်နေသော အာဏာစနစ်ကျင့်သုံးသည့် တရုတ်နိုင်ငံက ထိပ်ဆုံးမှဖြစ်ပြီး စစ်ကောင်စီလက်အောက်ရောက်ရှိနေသော မြန်မာက ဒုတိယနေရာတွင် ရှိကြောင်းသိရသည်။
သတင်းသမားကို ထောင်ချရာတွင် ဘယ်လာရုဇ်နိုင်ငံသည် တတိယ၊ ရုရှား နိုင်ငံသည်စတုတ္ထ ၊ ဗီယက်နမ်နိုင်ငံသည် ပဉ္စမ ဖြစ်ပြီး ဆဋ္ဌမနေရာတွင် အီရန်နိုင်ငံတို့ ဖြစ်ကြောင်း ယင်းအစီရင်ခံစာအရသိရသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အာဏာရှင်အစိုးရများ၏ စိတ်ကိုအနှောက် အယှက်စေသောကြောင့် သတင်းသမားများကို အာဏာသုံးကာ ထောင်ချခြင်း ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
နိုင်ငံအသီးသီးရှိ သတင်းထောက်များသည် နိုင်ငံရေးနှင့်ပတ်သက်၍ ဝေဖန်ရေးသားမှုကြောင့် ထောင်ချခံရမှုအများဆုံးဖြစ်ပြီ လူ့အခွင့်အရေး၊ လာဘ်စားမှု၊ စစ်ရေး၊ စီးပွားရေး၊ မှုခင်းနှင့် အားကစား ဆိုင်ရာရေးသားမှုများပါဝင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းခြင်းခံခဲ့ရသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် သတင်းမီဒီယာဌာနများကိုဝင်စီးခြင်း၊ လိုင်စင်ရုပ်သိမ်းခြင်း၊ သတင်းထောက်များကို ဖမ်းဆီးခြင်းတို့ကို စစ်တပ်ကပြုလုပ်ခဲ့ပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်ထားကြောင်းပါဝင်သည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းခံရပြီးကတည်းက လွတ်လပ်သောမီဒီယာလုပ်ပိုင်ခွင့်များ ပျောက်ဆုံးခဲ့ပြီး သတင်းသမားများကို လှုံ့ဆော်မှု၊ သတင်းအမှားဖြန့်ဝေမှု၊ အကြမ်းဖက်မှုဥပဒေ ပုဒ်မများဖြင့် ဖမ်းဆီးထောင်ချလျက်ရှိသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့်လပိုင်းအတွင်းက မြန်မာ့ဓာတ်ပုံသတင်းသမားနှင့် မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာတို့ကို ထောင်ဒဏ်နှစ်ရှည် အနှစ် နှစ်ဆယ်နှင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။
အကျဉ်းထောင်ထဲတွင် အကျဉ်းကျခံရသောသတင်းသမားများသည် ရုပ်ပိုင်ဆိုင်ရာ စော်ကားခံရမှုများ၊ ကျန်းမာရေးစောင့်ရှောက်ခံရမှု မလုံလောက်ခြင်း အပါအဝင် အစားအစာနှင့် ရေသန့်ရှင်းမှုအားနည်းကြောင်း သတင်းသမားများ ကာကွယ်ရေး ကော်မတီ (CPJ) Prison Census 2023 အစီရင်ခံစာအရ သိရသည်။
ဓာတ်ပုံ – CPJ ၊ ဧရာ၀တီတိုင်းမ်
#သတင်းသမားများ #နှစ်ပေါင်း၃၀ကျော်အကြာ #ပိုမိုထောင်ကျခံရ #CPJ2023 #JournalistinPrison #Ayeyarwaddy_Times