ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်

ဘတ်ဂျက်လိုငွေပြနေသော စစ်ကောင်စီက ယာဉ်အိုယာဉ်ဟောင်းများကို သမိုင်းဝင်ယာဉ်များအဖြစ်ထိန်းသိမ်းနိုင်ရေးအကြောင်းပြကာ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ခြောက်လအတွင်း ပြန်လည်မှတ်ပုံတင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ဖျက်သိမ်းခဲ့သည့် ၁၉၈၀ ခုနှစ်ထုတ် မော်ဒယ် မော်တော်ယာဉ်များနှင့် ယင်းမတိုင်မီက မော်တော်ယာဉ်များကို Classic ကားအဖြစ် သတ်မှတ်၍ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အတွင်း ဒဏ်ကြေးဖြင့် ပြန်လည် မှတ်ပုံတင်ခွင့်ရမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

“ အဲဒါက အရင်ဆုံးသတ်မှတ်ငွေသွင်းရမယ်။ ဘယ်လောက်လဲတော့မသိဘူး။ အရင်အဟောင်းတွေအရင် (ဈ) တို့ (ဇ) တို့ကိုပြန်အသိ အမှတ်ပြုတယ်ပေါ့။ ကားအဟောင်းတွေ ၈၀၊ ၈၇ တို့အဲဒီကကားတွေကို ကညန ဝင်ခွင့် ပေးတယ်ပေါ့။ အဲဒီကားတွေရှိသေးတယ်။ မစီးဘဲထားတာတွေရှိတယ်။ တချိုု့ကလည်း ညနေစောင်းတို့ မောင်းတာတွေ့တယ်။ အခုလိုမှတ်ပုံတင်ခွင့်ပေးလိုက်ရင် body ပြန်လုပ်ကြမှာပေါ့။ သူတို့စလစ်မအပ်ဘူး။ ကညနမှာလည်းကားလိုင်စင်ကသက်တမ်းတိုးခွင့်မပေးဘူး။ သူတို့လမ်းပေါ်မတက်ရဲဘူးဖြစ်သွားတာပေါ့။ အခုတော့ ပြန်မှတ်ပုံတင်ရမယ်” ဟု မော်တော်ယာဉ်အရောင်းကိုယ်စား လှယ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီအာဏာသိမ်းထားချိန်တွင် နိုင်ငံခြားငွေသုံးစွဲရမှုလျော့နည်းစေရန်မော်တော်ယာဉ်တင်သွင်းမှုများကို ကန့်သတ်ထားပြီး ကားအ ဟောင်းအပ် (စလစ်) ထုတ်၍ ၂၀၂၂ မှ၂၀၂၃ ခုနှစ် မော်ဒယ်မော်တော်ယာဉ် အသစ်တင်သွင်း ခွင့်ပြုသော်လည်း နီးစပ်သူများကိုသာလိုင်စင်ချပေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ စလစ်နဲ့ဝယ်လို့ရတယ်။ ကားအဟောင်းကိုအပ် ကားအသစ်တင်သွင်းခွင့်ရှိတယ်။ ဒါပေမဲ့မော်ဒယ်အသစ်ပဲ တင်သွင်းခွင့်ရမယ်။ စစ်ကောင်စီက သူတို့ပေးချင်သူကိုပေးနေတာပဲ။ ပိုင်ရင်ပိုင်သလိုလုပ်နေတယ်။ ကားအသွင်းတွေရှိနေတာပဲ။ တချို့တွေက နံပါတ်တွေကြိုဝယ်ထားတယ် 7S နဲ့ဝယ်ထားတာတွေ လမ်းပေါ်မှာ တွေ့တယ်။ ယာယီနံပါတ်ကပ်ထားတာ” ဟု မော်တော်ယာဉ်အရောင်းအ ဝယ်လုပ်သူတစ်ဦးက ဆိုသည်။

မော်တော်ယာဉ်အဟောင်းများကို ပြန်လည်မှတ်ပုံတင်ခွင့်ပြုရာတွင် ယခင်မှတ်ပုံတင်ထားသောယာဉ်များကိုသာ မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး ယာဉ်အမှတ်ကို လက်ရှိ ရောက်ရှိနေသောယာဉ်အမှတ်အသစ်ဖြင့် ပေးမည်ဖြစ် ကြောင်းသိရသည်။

လက်ရှိတွင် ဇန်နဝါရီ ၁၉ ရက်နေ့အထိ လူစီးမော်တော်ယာဉ်နံပါတ် 7S – 2327 ရောက်ရှိပြီဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ဘတ်ဂျက်လိုငွေပြစစ်ကောင်စီ #မော်တော်ယာဉ်အဟောင်း #ကညနဝင်ခွင့်ပြု #Ayeyarwaddy_Times