
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်
ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ ရွှေကုက္ကိုလ်မြို့သစ်နယ်မြေအတွင်းရှိ ဈေးဆိုင်များကို စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့မှ ဈေးရောင်းခွင့် ၁၀ ရက်ပိတ်ပင်ထားကြောင်း ဒေသခံများထံက သိရသည်။
ရွှေကုက္ကိုလ်မြို့သစ်တွင် ယခင်က ဈေးရောင်းခွင့်ပိတ်ပင်ခြင်းများ မရှိခဲ့သော်လည်း ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကစတင်၍ ဈေးအရောင်းဆိုင်များနှင့် ဈေးသည်များကို ဈေးရောင်းချခွင့် ခေတ္တပိတ်ပင်ခဲ့ကြောင်းသိရသည်။
“ဘာကြောင့်ပိတ်ခိုင်းလည်း အတိကျမသိရဘူး။ လောလောဆယ်တော့ ဆိုင်တွေ မဖွင့်ရဘူး။ ထိုင်းသတင်းဌာနအချို့မှာ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ BGF တပ်ဖွဲ့ဝင် တွေအနေနဲ့ စစ်ကောင်စီရဲ့ထောက်ပံ့မှုတွေ မယူတော့ဘဲ သီးခြား လက်နက်ကိုင် အဖွဲ့အနေနဲ့ ရပ်တည်တော့မယ်လို့ ဖော်ပြထားတာ တွေ့ရတယ်” ဟု ရွှေကုက္ကိုလ် မြို့သစ်တွင် ဈေးဆိုင်ဖွင့်ထားသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က အင်အားချိနဲ့ အထိနာလျက်ရှိသည်။
ထိုသို့ အထိနာနေစဉ် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ နယ်ခြားစောင့်တပ် တာဝန်များယူပေးနေသည့် (BGF) တပ်ဖွဲ့များကပါ ပူးပေါင်းခြင်း မပြုတော့ဘဲ ကြားနေလက်နက်ကိုင်အဖွဲ့ တစ်ခုအနေဖြင့် ရပ်တည်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာန ThaiPBS North က ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်နေ့ သတင်းတွင် ဖော်ပြထားသည်။
ရွှေကုက္ကိုလ် မြို့သစ်တွင် တရုတ်နိုင်ငံ လုပ်ငန်းရှင်အများစု တည်ထောင်လုပ်ကိုင်နေသည့် ကာစီနိုရုံ၊ လောင်းကစားဝိုင်းများ၊ အွန်လိုင်းငွေလိမ် ကျားဖြန် လုပ်ငန်းများစသည့် မှောင်ခိုလုပ်ငန်းများရှိနေပြီး BGF တပ်များ စိုးမိုးရာဒေသတစ်ခုဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ရွှေကုက္ကိုလ်မြို့သစ်
#ရွှေကုက္ကိုလ် #ဈေးဆိုင်များ #BGF #၁၀ရက်ပိတ် #Ayeyarwaddy_Times