
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်
စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီမှုများကို ကျိုးပျက်စေလိုသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်ရန်စမှုများကို ပြုလုပ်နေပြီး မဟာမိတ် အဖွဲ့များအနေဖြင့် သည်းခံနေ၍သာ တိုက်ပွဲများကျယ်ပြန့်မသွားခြင်းဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားသည်။
မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ကြားရှိ ၈ မိုင်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ယမန်နေ့ ဇန်ဝါရီ ၂၂ ရက်နေ့တွင် မိုးကုတ်နှင့် မိုးမိတ် ကြားရှိ TNLA တပ်များ ရှိရာသို့ စစ်ကောင်စီတပ်က စတင်ထိုးစစ်ဆင် တိုက်ခိုက်၍ လေကြောင်းမှအဆက်မပြတ် ဗုံးကြဲလျက်ရှိသောကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း TNLA ထံက သိရသည်။
“စစ်တပ်က တောက်လျှောက် လေကြောင်းကနေ ဗုံး ကြဲနေတာ။ မနေ့ကလည်း လာပြီး ထိုးစစ်ဆင်တော့ မိုးကုတ်မှာရှိတဲ့ ဒေသခံတွေလည်း ပြေးရတယ်။ တိုက်ပွဲမဖြစ် ဖြစ်အောင် တမင်ကို တိုက်ပွဲဖော်နေတာ”ဟု TNLA နှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားနေစဉ်တွင် စစ်ကောင်စီက TNLA ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား ၉ မိုင်နှင့် လွယ်ဆာကုန်ကျေးရွာအနီးတစ်ဝိုက်သို့ ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် ATR 42 လေယာဉ်ဖြင့် တစ်ကြိမ် လာရောက်၍ ဗုံး ၁၀ ကြဲချတိုကိခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
ယင်းအပြင် စစ်ကောင်စီက စတင်ထိုးစစ်ဆင်ပြီး လေကြောင်းမှ တိုက်ခိုက်ခြင်းများအပြင် မြေပြင်မှလည်း အလစ်အငိုက် ထိုးစစ်ဆင်ခြင်းများကို ပြုလုပ်ခဲ့သည့် အတွက် တိုက်ပွဲများဖြစ်ပွားလာရခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုပြီး နောက်တွင် သဘောတူညီချက်ကို ချိုးဖောက်ပြီး ရှမ်းမြောက်ရှိ ကျောက်မဲ၊ လားရှိုး၊ နမ့်ခမ်း၊ မိုးမိတ် နှင့် ယခု မိုးကုတ်မြို့များကိုပါ လေကြောင်းမှ ဗုံးကြဲ ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကိုပါ နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း မြောက်ပိုင်း ညီနောင် မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
#မိုးကုတ် #မိုးမိတ် #စစ်ကောင်စီ #ထိုးစစ်ဆင် #TNLAတိုက်ပွဲဖြစ် #တမင်ရန်စတိုက်ပွဲဖော် #Ayeyarwaddy_Times