ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်

ဧရာ၀တီတိုင်း ပုသိမ်မြို့ပေါ်ရပ်ကွက်အချို့တွင် စစ်တပ်ထောက်ခံသူများနှင့် အမျိုးသားရေးသမားဆိုသူများမှ ဧရာ၀တီအမျိုးသားရေးညွန့်ပေါင်းအဖွဲ့ ကြေညာချက်ဟုဆိုကာ ဘာသာရေးမှိုင်းတိုက်သည့် စာရွက်များကို ဇန်နဝါရီလ ၂၁ရက်နေ့က လိုက်လံ ဝေနေကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့ရှိ ဆင်းသီရိ ရပ်ကွက်၊ ရေကြည်ဦးရပ်ကွက်နှင့် ရာမည ရပ်ကွက်များတွင် လမ်းသွားလမ်းလာများနှင့် နေအိမ်ဈေးဆိုင်များကို လာရောက်ပေးသွားကြောင်း ဒေသခံများကပြောသည်။

“စာရွက်ပေးပြီး အကြမ်းဖက်တွေက လောက်ကိုင်မှာ ဘုရားတွေဖျက်စီးနေကြပြီ အားလုံးညီညွတ်ဖို့​လိုတယ်ဖတ်ကြည့်ပါလို့ပြောတယ်။ ခက်တာက ပြည်သူတွေက ပြန်ပြောရင်လဲ စစ်တပ်နဲ့ချွန်ပြီး အဖမ်းခံရမယ်။ သူတို့ကတော့ဆန္ဒပဲလိုက်ပြနေတယ် အဲ့ညွန့်ပေါင်းအဖွဲ့ သင်တန်းတက်ပြီးသွားတိုက်ကြရင် ပိုကောင်းမှာပေါ့ “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လိုက်ဝေသည့် စာရွက်တွင် ရှမ်းမြောက်ဒေသတွင်စစ်ကောင်စီအထိနာခဲ့သော ညီနောင်မဟာမိတ် သုံးဖွဲ့ကို ဘာသာရေးအကြောင်းပြကာ ကန့်ကွက်ရေးသားထားခြင်းဖြစ်ကြောင်းသိရသည်။

“ဒီစာနဲ့ပတ်သတ်ပြီး အချက်နှစ်ချက်တွေးမိတယ် တစ်ချက်က ဒီစာကို လူတွေ ဖတ်ခိုင်းပြီး အခုတော်လှန်ရေးအဖွဲ့တွေက ဘုရားစေတီတွေကို ဖျက်ဆီးနေတဲ့ဆိုတဲ့ ဘာသာရေးမိူင်းတိုက်တာ။ နောက်တစ်ချက်က ခု စစ်တပ်ထောက်ခံသူတွေကို တပ်သားသစ်စုခိုင်းနေတော့ ဒီစာနဲ့ မသိနားမလည်သူတွေကို စစ်ထဲ၀င်ဖို့စည်းရုံးတာမျိုးထင်တယ်။ ဒါပေမယ့် ခုလို နည်းပညာခေတ်မှာ စာရွက်ဝေတဲ့ ခေတ်ကကုန်သွားပြီပြည်သူတွေမအကြတော့ဘူး”ဟု ပုသိမ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးမှဧရာ၀တီတိုင်မ်းကို ပြောသည်။

ဧရာ၀တီတိုင်း ပုသိမ်မြို့တွင် ဇန်နဝါရီ ၁၄ရက်နေ့ နေ့လည်ကလည်း စစ်ကောင်စီ၏ ခွင်ပြုချက်ဖြင့် ဧရာ၀တီအမျိုးသားရေးညွန့်ပေါင်းအဖွဲ့ မှဦးဆောင်ပြီး ယခင်စစ်ကောင်စီ ထောက်ခံပွဲများတွင် နေ့စား ဆန္ဒပြလိုက်ဖူးသူများပါ၀င်သည့် လူအင်အား၂၀၀ခန့်က ညီနောင်မဟာမိတ်သုံးဖွဲ့ကို ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်ပြီးနောက်ပိုင်း သဘောထားကြေငြာချက်စာရွက်များကို လိုက်လံဝေနေခြင်းဖြစ်ကြောင်းဒေသခံများထံမှသိရှိရသည်။

ပုံစာ-အမျိုးသားရေးသမားများနှင့် နေ့စားဌားရမ်းထားသူများ ပုသိမ်တွင် လှည့်လည်ဆန္ဒပြနေစဉ် (ပုံဟောင်း)
#ပုသိမ် #ဧရာ၀တီအမျိုးသားရေးညွန့်ပေါင်းအဖွဲ့ #သဘောထားကြေငြာချက် #ဘာသာရေးမှိုင်းတိုက် #စာရွက်များကိုဖြန့်ဝေ #Ayeyarwaddy_Times