
အယ်ိုက်လင်း/ ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တိုက်ပွဲတွင် အိန္ဒိယသို့ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လာကြိုသည့် စစ်ကောင်စီလေယာဉ်သည် အိုင်ဇော်လ် လေဆိပ်အဆင်းတွင် လမ်းကြောင်း ချော်သွားပြီး မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီ လေယာဉ်သည် အိုင်ဇော်လ်မြို့ လဲန်းပွီး(Lengpui)လေဆိပ်အနီး အဆင်းတွင် ပြေးလမ်းချော်မူ ဖြစ်ပွားခဲ့ပြီး အရှိန်မထိန်းနိုင်၍ မတော်တဆဖြစ်ပွားကာ လေယာဥ်မှူးအပါဝင် လိုက်ပါလာသည့် ၁၄ ဦးအနက် ရှစ်ဦးထိခိုက်ဒဏ်ရာ ရရှိသဖြင့် လဲန်းပွီးဆေးရုံတွင် ဆေးကုသမူခံယူနေရကြောင်း သိရှိရသည်။
” သေဆုံးမူက မသိရဘူး။ ထိခိုက်ဒဏ်ရာရတဲ့ လူနာက ရှစ်ယောက်လောက် သိရတယ်။ ဒဏ်ရာရတဲ့ လူနာတွေ ဆေးကုသမူ ခံယူနေရတယ်လို့ သိရပါတယ်။ လေယာဥ်နဲ့ ပါလာတဲ့ လူက စုစုပေါင်း ၁၄ ယောက်လောက်ရှိမယ်။ မနေ့က ပထမအသုတ် ခေါ်သွားပြီးပါပြီ။ ဒီနေ့ ဒုတိယအသုတ် လာခေါ်မှ အခုလို မတော်တဆ ဖြစ်တာပါ”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၇၆ ဦးထဲမှ ၁၈၄ ဦးကို ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ပထမအသုတ် အဖြစ် ခေါ်ဆောင်သွားပြီးဖြစ်သည်။
မြန်မာ-အိန္ဒိယနယ်စပ် ပလက်ဝမြို့နယ်ထဲက တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၇၆ ဦး သည် အိန္ဒိယသို့ ဇန်နဝါရီ ၁၇ ရက်နေ့က ထွက်ပြေးသွားကြပြီး ၎င်းတို့ကို ဇန်နဝါရီလ ၂၀ ရက် စနေနေ့တွင် အိုင်ဇောလ်မြို့ အာသံရိုင်ဖယ်ဌာနချုပ် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
#ပလက်ဝ #အိန္ဒိယ #စစ်ကောင်စီတပ်ဖွဲ့ #လေယာဉ်မတော်တဆမှုဖြစ်ပွား #Ayeyarwaddy_Times