မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်

ရှမ်းမြောက်၊ လောက်ကိုင်ဒေသကွပ်ကဲမှုဌာနချုပ်(ဒကစ)မှ စစ်ကောင်စီတပ်အရာရှိ များသည် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချအညံ့ခံပြီး တပ်တွင်းသို့ပြန်သွားရာတွင် စစ်ကောင်စီကသေဒဏ်နှင့် တစ်သက်တစ်ကျွန်းဒဏ်များချမှတ် ခဲ့ကြောင်းသိရသည်။

လောက်ကိုင်ဒကစ တစ်ခုလုံး လက်နက်ချအညံ့ခံမှုတွင် အဓိကတာ၀န်ရှိသူများဟု သတ်မှတ်ခံရသည့် လောက်ကိုင်ဒေသအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်၊ လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ (၅၅) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုး ၀င်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့်မနာခံမှု၊ တာ၀န်မကျေပွန်မှုတို့အပါအ၀င် တပ်မတော်အက်ဥပဒေများဖြင့် စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း တပ် တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“သူတို့ကို ဒီလောက်ကြီးပြစ်ဒဏ်ချမယ်လို့မထင်ထားဘူး။ အထက်နဲ့လည်း ညှိပြီး သဘောတူတယ်ဆိုတော့ မထင်ထားတာ။ သူတို့ကိုယ်တိုင်လည်း ရှေ့ထွက်ပြီး ရှင်းထားတော့ ဒီလောက်ကြီးလုပ်လိုက်တော့ အံ့ဩရတယ်”ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် အရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့က လောက်ကိုင်မြို့ရှိ စစ်ကောင်စီ၏ ဒကစအတွင်းမှ အရာရှိစစ်သည်များ နှင့် တပ်မိသားစုအပါအ၀င် ၄၀၀၀ ကျော်လက်နက်ချ အညံ့ခံပြီးနောက် ဗိုလ်မှူးချုပ် ၆ ဦးကို လားရှိုးတွင်ခေါ် ဆောင်ထားပြီး ဇန်နဝါရီ ၁၃ ရက်နေ့တွင် ၎င်းတို့ကို စစ်ခုံးရုံးဖွဲ့ပြီးနောက် ယခုလိုပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။

“ကလောမှာရှိတဲ့ တပ်မ ၅၅ တပ်မမှူးရဲ့ မိန်းမနဲ့ ကလေးတွေကိုလည်း ဘယ်ခေါ်သွားလည်း မသိဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ကို ခေါ်သွားတာကြာပြီ။ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းတွေက လက်နက်ချခဲ့တဲ့ အရာရှိတွေရဲ့ မိန်းမတွေကို လည်း တပ်ထဲမှာ အကျယ်ချုပ်ပုံစံထား ထားပြီး ဖုန်းတွေကို သိမ်းထားတယ် ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ စစ်ခုံရုံးကို အရှေ့မြောက်တိုင်းစစ် ဌာနချုပ် (ရမခ)မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အမှုကိုစစ်ဆေးကာ အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ‌ဗိုလ်မှူးချုပ်များအနေဖြင့် ၎င်းတို့ကိုယ်ပိုင်ဆန္ဒသာမက အထက်သို့ အဆင့်ဆင့်တင်ပြပြီး သဘောတူညီမှုရယူကာ လက်နက်ချခဲ့ခြင်းဖြစ်သော်လည်း ယခုလို ဖမ်းဆီးသေဒဏ်ပေး အရေးယူခံခဲ့ရခြင်းဖြစ်သည်။

အလားတူ လောက်ကိုင်မြို့ကို လက်လွတ်ဆုံးရှုံးရပြီး နောက် ယင်းဖြစ်စဉ်ကို စစ်ကောင်စီက သဘောတူလက်ခံကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မိသားစု၀င်တွေနဲ့ တပ်ဖွဲ့၀င်တွေရဲ့ အသက်အန္တရာယ်လုံခြုံမှုကို ပထမဦးစားပေး စဉ်းစား၍ လောက်ကိုင်ကို လက်လွှတ်လိုက်ခြင်း ဖြစ်သည် ဟု ပြောဆိုခဲ့သော်လည်း လက်ရှိတွင် ဗိုလ်မှူးချုပ် ခြောက်ဦးကို အမိန့်မနာခံမှုနှင့် အရေးယူခဲ့ခြင်းဖြစ်သည်။

သေဒဏ်ချမှတ်ခံရသည့် ဗိုလ်မှူးချုပ် သုံးဦးအပြင် ကျန်ရှိသည့် ဗိုလ်မှူးချုပ် သုံး ဦးဖြစ်သည့် စကခ-၁၆ တပ်မမှူး ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ စကခ-၁၂ မှူး ဗိုလ် မှူးချုပ်အောင်ဇော်လင်း၊ စကခ-၁၄မှူး ဗိုလ်မှူးချုပ်အေးမင်းဦးတို့ကို စစ်ကောင်စီက တာ၀န်မကျေပွန်မှု၊ အမိန့်မနာခံမှု၊ ပုန်ကန်မှုများဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

ပုံစာ-လောက်ကိုင်ဒကစ၊ လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ
#ရှမ်းမြောက် #လောက်ကိုင်ဒကစ #လက်နက်ချအညံ့ခံ #ဗိုလ်မှူးချုပ်များ #သေဒဏ် #တစ်သက်တစ်ကျွန်း #Ayeyarwaddy_Times