ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီ ၂၃ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့ကဖြစ်ပွားခဲ့သည့် ရေး-မော်လမြိုင်ကားလမ်းပေါ်ရှိ စစ်ကောင်စီ ကြိုးတံတားဂိတ်စခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုး ဦးသေဆုံးပြီး လေး ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကြိုးတံတားဂိတ်စခန်း စစ်ဆင်ရေးနှင့်အတူ ပြုလုပ်ခဲ့သည့် ခမရ-၅၈၈ တပ်ရင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း လက်နက်ကြီးပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပြီး ခလရ-၁၀၆ တပ်ရင်းမှ ဗိုလ်ကြီးကျော်မြင့်လွင်ဆိုသူ သေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းထံက သိရသည်။

“တိုက်ပွဲဖြစ်တော့ ခမရ-၃၄၃တပ်ရင်းနားမှာ ရေးဘက်ကတက်လာတဲ့ခရီးသည်ကားတွေကို စစ်ကောင်စီဘက်က တားပြီးစစ်တယ်။ နောက်တော့လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် ခရီးသည် သုံးဦးသေတယ် ဆယ်ဦးဒဏ်ရာ ရတယ်လို့သိရတယ်။ ဘာကြောင့်ပစ်တယ်လို့တော့ မသိရဘူး” ဟု ဒေါနစစ်ကြောင်းမှ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ရန်နိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီ ခမရ-၅၈၈တပ်ရင်းနှင့် ခမရ-၃၄၃ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးများနှင့် လက်နက်ငယ် ထိမှန်မှုများကြာင့် ရွှင်လန်း၊ မြင့်မြတ်သူ၊ ရွှေဝယ်သူ ခရီးသည်တင်ကားများတွင် လိုက်ပါလာသည့် အရပ်သား သုံးဦးသေဆုံးခဲ့ပြီး ဆယ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီကြိုးတံတား စစ်ဆေးရေးဂိတ်စခန်းမှာ ခရီးသွားပြည်သူများအပေါ် အတင်းအဓမ္မငွေကြေးကောက်ခံလေ့ရှိသည့် စစ်ကောင်စီတပ်နှင့် BGFတပ်ဖွဲ့ဝင်များ စခန်းချထားရာနေရာတစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များမှ ယခင်က သုံးကြိမ်ထက်မနည်း တိုက်ခိုက်မှုများရှိခဲ့ပြီး ယခုတစ်ကြိမ်တွင် စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – ဒေါနစစ်ကြောင်း

ပုံစာ – ကြိုးတံတားစခန်းမှ သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများ
#ရေး #အရပ်သားသေဆုံး #စစ်ကောင်စီသေဆုံး #ကြိုးတံတားစစ်ဆေးရေးဂိတ် #စခန်းသိမ်းတိုက်ပွဲ #Ayeyarwaddy_Times