
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင် ရှိ စစ်ကောင်စီ၏ ဓည၀တီရေတပ်ဌာနချုပ်ကို ရက္ခိုင့် တပ်တော် AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် ရေတပ်ဌာနချုပ်မှူးမှာ ထွက်ပြေးသွားကြောင်း သိ ရသည်။
ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် AA တပ်ဖွဲ့က စစ်ကောင်စီ၏ ဓည၀တီရေတပ်ဌာနချုပ်အတွင်းသို့ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ ဌာနချုပ်အတွင်းကျရောက်ပေါက်ကွဲသဖြင့် ရေတပ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သက်လွင်ထွန်းမှာ ထွက် ပြေးသွားကြောင်း ရေတပ်ဌာနချုပ်နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
“ရှော့တိုက်ဒုံးတွေ ဌာနချုပ်ထဲစပစ်ခံရပြီဆိုကတည်း က ဌာနချုပ်မှူးက မရှိတော့ဘူး။ ထွက်ပြေးသွားတာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်တိုက်ခိုက်သည့် ရှော့တိုက်ဒုံး ၁၀ လုံး အနက် လေးလုံးမှာ ရေတပ်ဌာနချုပ်အတွင်းရှိ အမှတ် ၁၃ လက်နက်ခဲယမ်းတိုက်ထဲသို့ ကျရောက်ပေါက်ကွဲ သဖြင့် ဌာနချုပ်မှူးမှာ အုန်းဂျိန်တပ်စခန်းဘက်သို့ ထွက်ပြေးသွားသည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး AA မှလည်း ဓည၀တီရေတပ်ဌာနချုပ်စခန်းကို ဒုတိယအကြိမ်ထပ်မံ တိုက်ခိုက်ခဲ့ပြီး အထိအခိုက်အကျအဆုံး အရေအတွက်များနှင့် အပျက်အစီးများကို မသိရှိရသေးကြောင်း ထုတ်ပြန်ထားသည်။
AA က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှုအပြီးတွင် သံဇစ် မြစ်အတွင်းမှ ရေတပ်သင်္ဘောများကလည်း ပြန်လည် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် စီမော်၊ ရှောက်ခြုံကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံများထွက်ပြေးတိမ်းရှောင် ခဲ့ကြရကြောင်း သိရသည်။
အဆိုပါ ရေတပ်စခန်းကို AA က ဇန်နဝါရီ ၈ ရက်နေ့က လည်း ပထမဦးဆုံးအကြိမ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကာ ရေတပ်ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျကိစီးမှုများကြောင်း သိရသည်။
တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ရှော့တိုက်ဒုံးများဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲမှုမရှိကြောင်းနှင့် ထိခိုက်ပျက်စီးမှုလည်းမရှိကြောင်း စစ်ကောင်စီဘက်မှ ဝါဒဖြန့် မီဒီယာများက ငြင်းဆိုထားသည်။
ဓာတ်ပုံ-CINCDS
ပုံစာ-ရခိုင်ပြည်နယ်အတွင်း ကမ်းလွန်ပြင်တွင် ကင်းလှည့်နေသည် စစ်ကောင်စီရေယာဉ်များ(ပုံဟောင်း)
#ရခိုင် #စစ်ကောင်စီ #ဓည၀တီရေတပ်ဌာနချုပ် #AA #ရှော့တိုက်ဒုံး #Ayeyarwaddy_Times