
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဇန်နဝါရီ ၂၂ ရက်
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်းရန် ဖိအားပေးကာ လူစုဆောင်းနေသည့် ထန်းပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ပျဥ်းမကုန်းကျေးရွာ ရာအိမ်မှူးတို့ နှစ်ဦးကို ယမန်နေ့ ဇန်နဝါရီ ၂၁ရက်၊ မွန်းလွဲ ၂ နာရီဝန်းကျင်က မင်းလှမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ နှင့် သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ၊ တပ်ခွဲ-၂၊ တပ်ခွဲ-၃ တို့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနှင့် ရာအိမ်မှူး နိုင်ကြီးတို့ နှစ်ဦးသည် စစ်ကောင်စီအတွက် ပြည်သူ့စစ်ဖွဲ့စည်းရန် ဒေသခံများကို ဖိအားပေး ခြိမ်းခြောက်ကာ စုဆောင်းမှုများပြုလုပ် နေသည့်အတွက် သဲကောကျေးရွာအနီးတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ရာအိမ်မှူးကိုနိုင်ကြီးမှာ အပြင်းအထန် ဒဏ်ရာရခဲ့ ကြောင်း သိရသည်။
“ဒီနှစ်ယောက်က အုတ်ဖိုဘက်မှာဆို ဝောာ်တော်ဆိုးတဲ့ နှစ်ယောက်လို့ပြောလို့ရတယ်။ အခုသူတို့ပြည်သူ့စစ် စုတဲ့ရွာကလည်း ဆင်းရဲတဲ့ရွာပေါ့နော်။ အဲ့တာ မဲမပေါက်တဲ့ အိမ်တွေကိုလည်း ငွေကြေးတွေ မတရားကောက်တယ်။ မဲပေါက်ထားတဲ့သူတွေလည်း စစ်သင်တန်းသွားတက်ဖို့ အုပ်စုတွေဖွဲ့ထားပြီးပြီ။ ဒေသခံတွေကတော့ စစ်သင်တန်း မတက်ချင်လို့ တော်တော်လေး ဒုက္ခရောက်နေကြတယ်” ဟု တပ်ရင်း- ၃၈၀၂၊ တပ်ခွဲ-၃ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် ကိုတစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် မင်းလှမြို့နယ်အတွင်း ဒေသခံများအပေါ် ပြည်သူ့စစ် စုဆောင်းမှုများကို အတင်းအကျပ် ဖိအားပေးဆောင်ရွက်ခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိသူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း- ၃၈၀၂၊ တပ်ခွဲ-၃ ကသတိပေး ထုတ်ပြန်ထားသည်။
ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီက ပြည်သူ့စစ်များဖွဲ့စည်းရန် အုပ်ချုပ်ရေးမှူးများကတဆင့် ဖိအားပေးစေခိုင်းထားပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း ပြည်သူ့စစ်ဖွဲ့စည်းရန် ပြုလုပ်နေသည့် ဒိုက်ဦးမြို့နယ်၊ ဖအောင်ဝဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – သေဆုံးခဲ့သည့် အုပ်ချုပ်ရေးမှူးဦးသန်းထွန်း
#အုတ်ဖို #အုပ်ချုပ်ရေးမှူး #ရာအိမ်မှူး #ပစ်သတ်ခံရ #ပြည်သူ့စစ်ဖွဲ့စည်း #Ayeyarwaddy_Times