ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ရဲအင်အားလျော့နည်းနေမှုကြောင့် မြို့နယ်ရဲစခန်းသို့ စစ်ကောင်စီတပ်နှင့် ပျူစောထီး (ပြည်သူ့စစ်) အင်အား(၃၀ )ဦးကျော်ကို ရဲဝတ်စုံဝတ်ခိုင်းပြီး အင်အားဖြည့်တင်းထားကြောင်း သတင်းရရှိသည်။

ကြံခင်းမြို့နယ်ရှိ မြို့နယ်ရဲစခန်းနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲအင်အား ၂၀ ခန့်ကို ဇန်နဝါရီလ ပထမအပတ်အတွင်း ပဲခူးတိုင်းနှင့်ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခဲ့၍ အင်အား ၁၀ ဦးကျော်သာကျန်ရှိတော့ကြောင်း မြို့နယ်ရဲစခန်းနှင့်နီးစပ်သည့်ရဲသတင်းရင်းမြစ်ထံကသိရသည်။

“ ရဲစခန်းနဲ့မြို့နယ်ရုံးကရဲတွေကို ရခိုင်နဲ့ပဲခူးဘက် ရှေ့တန်းပို့လိုက်တော့အင်အားမကျန်တော့ဘူး။ ၁၀ ဦးထက်မပိုဘူး ”ဟု ကြံခင်းမြို့နယ်ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့အင်အားလျော့နည်းမှုကို ပြန်လည်ဖြင့်တင်းရန်အတွက် တိုင်းစစ်ဌာနချုပ် ညွှန်ကြားမှုဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပျူစောထီး(ပြည်သူ့စစ်) အဖွဲ့ဝင်အင်အား ၃၀ ဦး ကို ရဲယူနီဖောင်းပေးဝတ်ကာ အင်အားဖြည့်တင်းထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့်နီးစပ်သူများထံကသိရသည်။

“ စစ်သား ၁၀ယောက်နဲ့ ပြည်သူ့စစ် အယောက်၂၀ ကို ရဲစခန်းအတွက်အင်အားပြန်ဖြည့်ထားတယ်။ ရဲဝတ်စုံတွေပေးဝတ်ပြီးအင်အားဖြည့်ထားတာ”ဟု ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့်နီးစပ်သူတစ်ဦးကဆိုသည်။

ကြံခင်းမြို့နယ် တွင် ရဲအင်အားလျော့နည်းနေမှုအပေါ် ယခင်ပျူစောထီး(ပြည်သူ့စစ်) သင်တန်းဆင်း အဖွဲ့ဝင်အချို့ကို ရဲတပ်ဖွဲ့ဝင်အဖြစ်တာဝန်ပေးရန်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ် ၏အမိန့်ဖြင့် မြို့နယ်စစ်ကောင်စီမှ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမအပတ်အတွင်းမြို့နယ်ရဲတပ်ဖွဲ့သို့ညွှန်ကြားမှုပြုလာပ်ထားကြောင်း သိရသည်။

#ကြံခင်း #စစ်ကောင်စီတပ် #ပျူစောထီး #ရဲဝတ်စုံ #ပဲခူး #ရခိုင်#Ayeyarwaddy_Times