ဧရာဝတီတိုင်း
ဇန်နဝါရီ ၂၂ ရက်

အိမ်ရာတည်ဆောက်ရေးအတွက် အဓမ္မမြေသိမ်းယူမှုဖြင့် နာမည်ကြီးသည့် ဝါဝါဝင်း အင်တာနေရှင်နယ်ကုမ္ပဏီကို မြန်မာရှေ့ဆောင်ဘဏ်က ဘဏ်ချေးငွေပြန်မဆက်၍ တရားစွဲဆိုမည်ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာတွင် ကြေညာထားသည်။

ရန်ကုန်တိုင်း၊ လသာမြို့နယ်ရှိ ဝါဝါဝင်း Tower တွင် ဝါဝါဝင်းအင်တာ နေရှင်နယ် ကုမ္ပဏီက ဦးရွှေကြိုင်နှင့် ဒေါ်မြင့်မြင့်သိန်းတို့သည် ဆောက်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် ချေးငွေရယူထားပြီး ပြန်ဆပ်ရမည့်သတ်မှတ်ကာလ ကျော်လွန် သည့်အထိ ချေးငွေပြန်ဆပ်ခြင်းမရှိကြောင်း ယင်းကြေညာချက်တွင်ပါဝင်သည်။

ထို့ပြင်ဘဏ်ချေးငွေယူရာတွင် ရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများကို အာမခံအဖြစ်ပေး ထားသည်ဖြစ်၍ ဥပဒေအရတရားစွဲဆိုတောင်းခံမည်ဖြစ်ပြီး အဆိုပါ အာမခံပစ္စည်းများ ကိုလွှဲပြောင်းခြင်း၊ ထုခွဲရောင်းချခြင်း၊ ပေါင်နှံခြင်းနှင့် တစ်နည်းနည်းဖြင့် စီမံခန့်ခွဲမှုများ မပြုလုပ်ရန် ကြေညာချက်တွင် အသိပေးထားသည်။

အဆိုပါ အာမခံများတွင် ၂၀၁၄ ခုနှစ်က မြန်မာ့ဂုဏ်ရောင်ရပ်ကွက် ဧရိယာ ၁၀ ဒသမ ၁၅၂ ဧကရှိ ဝါဝါဝင်းဥက္ကဋ္ဌ ဦးရွှေကြိုင်အမည်ပေါက်ဂရန်မြေကွက်၊ Batahtaung Time Square အိမ်ရာစီမံကိန်း၊ ၁၄ ထပ် အခန်း ၂၄ ခန်းတွဲအပါအဝင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ချုပ်ထားသည့်စာချုပ်အရ အခန်းပေါင်း ၁၅၂ ခန်းပါဝင်ကြောင်းသိရသည်။

ထို့ပြင် ဝါဝါဝင်းအင်တာနေရှင်နယ်ကုမ္ပဏီဥက္ကဋ္ဌ ဦးရွှေကြိုင်နှင့် ဒေါ်မြင့်မြင့်သိန်း တို့လုပ်ကိုင်သော ရွှေတောင်ငွေတောင်အစာတောင့် လုပ်ငန်းတိုးချဲ့ရန် အတွက် ချေးငွေယူထားပြီး ပြန်ဆပ်ရန်ပျက်ကွက်သဖြင့် တရားစွဲဆိုတောင်းခံရန် ပြင်ဆင် နေကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ်လိမိတက်ထံက သိရသည်။

ဝါဝါဝင်းအင်တာနေရှင်နယ်ကုမ္ပဏီသည် ရန်ကုန်၊ တာမွေမြို့နယ်၊ မြန်မာ့ဂုဏ်ရောင် ရပ်ကွက်တွင် လူနေအိမ်များရာနှင့်ချီမြေသိမ်းယူ၍ မြန်မာ့ဂုဏ်ရောင်အိမ်ရာ တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် ဝါဝါဝင်းအင်တာနေရှင်နယ်ကုမ္ပဏီသည် ရန်ကုန်မြို့ လှိုင်သာယာမြို့အပါအဝင် မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် လယ်ယာမြေဧကများစွာကို သိမ်းယူပြီး ဆောက်လုပ်ရေး၊ မွေးမြူရေးနှင့် စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်ခဲ့သည်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်း၊ မအူပင်နှင့် ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ အတွင်းက ဝါဝါဝင်းစိုက်ပျိုးရေး မွေးမြူရေး ကုမ္ပဏီလက်အောက်ရှိ စပါးစိုက်ပျိုးခြင်း၊ ငါးမွေးမြူခြင်းနှင့် ကုန်ထုတ် လုပ်မှုများကို သွားရောက်ကြည့်ရှုကြောင်း စစ်ကောင်စီတပ်ပိုင် မြဝတီသတင်း စာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ – မြဝတီ
ပုံစာ – ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီထံ လေ့လာရေးသွားသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဥက္ကဌ ဦးရွှေကြိုင်တို့တွေ့ရစဉ်
#ဝါဝါဝင်းကုမ္ပဏီတရားစွဲခံရ #ဘဏ်ချေးငွေပြန်မဆပ် #မြန်မာ့ရှေ့ဆောင်ဘဏ် #Ayeyarwaddy_Times