နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ၂၂ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်တပ်များ စစ်ကြောင်း ထိုးဝင်ရောက်လာခြင်းကြောင့် ဒေသခံ ၅၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲပြဿနာဖြင့် ရင်ဆိုင်နေကြရကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့က စတင်၍ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ပြီး ညောင်ပင်ကြီး၊ ထန်းတောကြီး၊ ရွာရှည်၊ နှင်းတော၊ သိမ်တော် နှင့် ရွှေအင်းလေး စသည့်ကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော်သည် စား၀တ်နေရေး ပြဿနာဖြင့် ရင်ဆိုင် နေရခြင်းဖြစ်ကြောင်း ချင်းတွင်းမြစ်ဘေးကျေးရွာများ သပိတ်စစ်ကြောင်း အဖွဲ့ထံက သိရသည်။

“စစ်ကောင်စီက ဝင်ရောက်စီးနင်းလို့ အခုလတ်တလော ထွက်ပြေးနေရတဲ့ ဒေသခံ ၅၀၀၀ ကျော်လောက် စားဝတ်နေရေးပြဿနာနဲ့ ရင်ဆိုင်နေရတာပါ” ဟု စစ်ဘေး ရှောင်များကူညီနေသူ ကိုအောင်ခန့်ဇော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ကျေးရွာများ ကိုဝင်ရောက်စီးနင်းခဲ့ခြင်းအပြင် ကျေးရွာအနီး တဝိုက်ကိုလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းကြောင့် ဇန်နဝါရီ ၂၀ ရက်နေ့တွင်ပင် ကျွဲခိုတောကျေးရွာရှိ ဒေသခံသုံးဦး လက်နက်ကြီး ကျည်ထိမှန် သေဆုံးခဲ့ပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့ အနောက်ဘက်ခြမ်း မြင်းသာကုန်း၊ ဆင်ဖြူခြေ၊ ကျွဲခိုတောအနီးတဝိုက်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့၍ ကျွဲခိုတော ကျေးရွာရှိ အသက် (၂)နှစ် အရွယ်မိန်းခလေးငယ် တစ်ဦး၊ အသက် (၇၀) နှစ် အရွယ်အမျိုးသားတစ်ဦးနှင့် အသက် (၃၅)နှစ်ရှိ အမျိုးသားတစ်ဦးတို့ လက်နက်ကြီး ကျည်ထိမှန် သေဆုံးခဲ့ပြီး အခြားဒေသခံ ခုနစ်ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ဘေးရှောင်နေသူများထံက သိရသည်။

“သေဆုံးသူ သုံးဦးစလုံးဟာ မိသားစု ဝင်တွေပါ။ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း ချိန်မှာ ဝေးဝေးလံလံ မပြေးနိုင်တာကြောင့် ကျေးရွာနားက တောထဲ ဝင်ခိုအောင်းနေချိန် မှာ လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ရတာ” ဟု လိုစစ်ဘေးရှောင်အရေး ကူညီနေသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် စားဝတ်နေရေးခက်ခဲနေသည် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ကို ချင်းတွင်းမြစ်ဘေးကျေးရွာများ သပိတ်စစ်ကြောင်းက စားရာသောက်စရာအချို့ လာရောက် လှူဒါန်းပေးထားပြီး စစ်ဘေးရှောင်လူဦးရေ များပြားခြင်းကြောင့် စောင်ခြုံထည်၊ ဆန်၊ ဆီ၊ ဆား နှင့် တကိုယ်ရေသုံးပစ္စည်းများ အခက်အခဲ ဖြစ်နေကြောင်း စစ်ဘေးရှောင်နေရသည့် ဒေသခံများထံကသိရသည်။

ပုံစာ-စစ်ဘေးရှောင်ပြည်သူများနှင့် သွားရောက်ကူညီနေသည့် တော်လှန်ရေးအဖွဲ့ဝင်များကို တွေ့ရစဉ်
#စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #ဆားလင်းကြီးမြို့နယ်ကျေးရွာများ #စစ်ရှောင်ဒေသခံ၅၀၀၀ကျော် #စားဝတ်နေရေးခက်ခဲ #Ayeyarwaddy_Times