ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်
စစ်အာဏာသိမ်းပြီး အရေးပေါ်ကာလထပ်မံတိုးမြှင့်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်လို့ ၆ လ တာကာလအတွင်း နိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုနဲ့တည် ငြိမ်အေးချမ်းမှုတွေမှာ များစွာတိုးတက်ပြောင်းလဲသွားတယ်လို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
ဇူလိုင်လ ၂၉ ရက် မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင်ဦးစီးပြီးပြုလုပ်တဲ့အစည်းအဝေးမှာ ၄င်းရဲ့လက်အောက်ခံဝန်ကြီးဌာနတွေကို အခုလိုပြောဆိုခဲ့တာပါ။
၆ လတာကာလအတွင်း တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်သုံးသပ်ရာမှာ တချို့သောဒေသတွေကလွဲရင် ၂၀၂၁ ခုနှစ်ထက်များစွာတိုးတက်ပြောင်း လဲသွားပြီး တည်ငြိမ်အေးချမ်းမှုတွေလည်းရရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။
” ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်ထပ်တိုး၆လမှစ၍ နိုင်ငံ၏တရားဥပဓေစိုးမိုးမှု၊ တည်ငြိမ်အေး ချမ်းမှုများကိုပြန်လည်သုံးသပ်ရန်လိုကြောင်း၊ တရားဥပဒေစိုးမိုးရေးတွင်တချို့သောဒေသများမှလွဲ၍ကျန်ဒေသများမှာ ၂၀၂၁ ခုနှစ်ထက် များစွာတိုးတက်ပြောင်းလဲသွားကြောင်း တည်ငြိမ်အေးချမ်းမှုများလည်းရရှိလာပြီဖြစ်တယ်” လို့ သူကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ အဖက်ဖက်ကယိုယွင်းပျက်ဆီးလာတဲ့ အခြေအနေကြောင့် ခိုးဆိုးလုနှိုက်များ၊ ဓားပြမှုများ ယနေ့အထိ နိုင်ငံအနှံ့နေ့စဥ်လိုလို ပေါ်ပေါ်တင်တင်တွေ ဖြစ်ပေါ်နေပါတယ်။
”တည်ငြိမ်လား၊ မတည်ငြိမ်လားတော့ ရန်ကုန်နဲ့မန္တလေးလိုမြို့ပေါ်နေရာတောင် ကျီးလန့်စာစားဘဲ။ မြို့ကြီးတွေပေါ်မှာတောင် ဆိုင်ကယ်အမျိုးအစားကောင်းကောင်းနဲ့တယောက်ထဲအပြင်ထွက်ဖို့တောင် မရဲတော့ဘူး။ တခုခုဆို ရဲကလည်းသူ့ဟာသူတောင်မနဲလုံခြုံအောင်လုပ်နေရတာဆိုတော့ အဲ့ဒီလိုအခြေအနေဘဲ” လို့ မန္တလေးမြို့ခံအမျိုး သားတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တရားစီရင်ရေးယန္တရားတွေကလည်း စစ်အုပ်စုအလိုကျအတိုင်းစီစဥ်ဆောင်ရွက်နေပြီး လာဘ်စားမှုတွေလည်းပိုမိုများပြားနေတယ်လို့ ဧရာဝတီတိုင်းအတွင်းကဒေသခံတွေနဲ့ တရားရေးနဲ့နီးစပ်သူတွေထံကသိရပါတယ်။