နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ မတရားသဖြင့် အာဏာသိမ်းခဲ့သည်မှာ မကြာမီ ၃ နှစ်ပြည့်တော့မည်ဖြစ်ပြီး ၎င်းတို့၏ အာဏာသက်တမ်းအား ထပ်မံတိုးယူနိုင်ကာ အပြောင်းအလဲများ ကိုမူ စောင့်ကြည့်ရမည်ဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသူများက သုံးသပ်ထောက်ပြသည်။

အာဏာသိမ်း ၃ နှစ်တာကာလအတွင်း ဘက်ပေါင်းစုံ အရေးနိမ့်လာသော စစ်ရှုံးစစ်ကောင်စီအနေဖြင့် လာမည့် ဖေဖော်ဝါရီ ၁ ရက်(အာဏာသိမ်း ၃ နှစ်ပြည့်)တွင် ကာလုံအစည်းအဝေးခေါ်၍ ယခင်အတိုင်း အကြောင်း အမျိုးမျိုးပြ၍ အာဏာသက်တမ်း ၆ လထပ်တိုးသွားမည့် အခြေအနေရှိနေကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်ရှိတွင် တပ်အသိုင်းအဝိုင်းနှင့် တပ်ထောက်ခံသူများက နိုင်ငံရေး၊ စစ်ရေး ကိုင်တွယ်မှုများနှင့် ပတ်သက်၍ သဘောမကျသောကြောင့် ထိပ်သီးအပြောင်းအလဲ ပြုလုပ်ပေးရန် လိုလားတောင်းဆိုမှုများလည်းရှိနေသည်။

သို့သော် အာဏာသက်တမ်း ထပ်တိုးယူသည့်အခါ ခေါင်းဆောင်မှုအပြောင်းအလဲ ဖြစ်မည်မထင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေပြုရေး အာဏာသုံးရပ် ကိုင်စွဲကျင့်သုံးနေတဲ့ စစ်ကောင်စီအနေနဲ့တော့ ဆက်ပြီးတော့ အာဏာကို ဆုပ်ကိုင်သွားမယ့် သဘောရှိပါတယ်။ အဲ့ဒီမှာ အပြောင်းအလဲ သိပ်ပြီးတော့ရှိမယ်လို့ သိပ်မထင်ပါဘူး။ မင်းအောင်လှိုင်ပဲ ဆက်ခေါင်းဆောင်မှာပါ။ ဘာကြောင့်လဲဆိုတော့ အခုလောလောဆယ် သူ့လက်ထောက် ဗိုလ်ချုပ်စိုးဝင်းကလည်း မင်းအောင်လှိုင်ကို လှန်နိုင်တဲ့သူမဟုတ်ပါဘူး။ မလှန်နိုင်တဲ့သူကို သူက လက်ထောက်ခန့်ထားတာဖြစ်လို့ ကျွန်တော်ကတော့ ခေါင်းဆောင်မှုအပြောင်းအလဲ ဖြစ်မယ်လို့မထင်ပါဘူးဗျ” ဟု ၎င်းက ဆိုသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် PDF တို့၏ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် တပ်စခန်းများ သိမ်းပိုက်ခံရခြင်း၊ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ လက်နက်ချ အလင်းဝင်ခြင်း၊ ထွက်ပြေးခြင်းများသည် မကြာမီ ပြိုကွဲတော့မည်ဆိုသော အရိပ်လက္ခဏာများ ပြနေသည့်အတွက် စစ်ကောင်စီ သက်ဆိုးမရှည်နိုင်တော့ကြောင်း လေ့လာသူတို့က ထောက်ပြကြသည်။

အာဏာသိမ်း စစ်ကောင်စီသည် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးနှင့် ၎င်းတို့ ပြုလုပ်ရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့အတွက် ၎င်းတို့သက်တမ်းကို လာမည့် ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက် အထိ ၆ လတစ်ကြိမ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ၆ လတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ထပ်တိုးယူနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ-AFP ဥက္ကဌ ဒေါက်တာအေးမောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ဘာလို့ဆိုရင် အောက်တိုဘာလမှာ သန်းခေါင်စာရင်း ကောက်ပြီးမှပဲ မဲစာရင်း အတိအကျရမယ်လို့ ရည်ညွှန်းထားတဲ့အခါမှာ သန်းခေါင်စာရင်းကောက်တာ ၃ လ သို့မဟုတ် ၂ လအချိန်ယူနိုင်တယ်။ အဲဒါကြောင့်မို့လို့ ၂၀၂၅ ဇန် နဝါရီ ၃၁ ရက်အထိ သွားနိုင်တယ်။ ၆ လနှစ်ကြိမ် သွားနိုင်ပါတယ်။ အဲ့တော့ တပ်မတော်အတွင်းမှာ အပြောင်းအလဲထိပ်ပိုင်းရှိဖို့ ခက်ခဲပါတယ်။ ဒီတိုင်းပဲ ဆက်သွားမှဖြစ်မယ်၊ ဆက်သွားနိုင်ပါတယ်။ ကစထမှူး(စစ်ဆင်ရေးအ ထူးအဖွဲ့မှူး)တွေကတော့ ပြောင်းကောင်းပြောင်းနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် ထိပ်တန်းအရာရှိ စစ်ဗိုလ်ချုပ်များကို ရာထူးအပြောင်းအလဲ မပြုလုပ်မီ စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး)များ၊ တိုင်းမှူးများ၊ စစ်ဘက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များအား နေရာပြောင်းခြင်း၊ ရာထူးမှ ရပ်နားခြင်းများ ခပ်စိတ်စိတ် ပြုလုပ်လေ့ရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် အာဏာသက်တမ်း တိုးယူရန်အတွက်သာ စဉ်းစားလိမ့်မည်ဖြစ်ပြီး မည်သည့်ပုံစံဖြင့် တိုးယူမည်နည်းဆိုခြင်းသည် နည်းနည်းစိတ်ဝင်စားစရာ ကောင်းသလို စောင့်ကြည့်ရန်လိုကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အခုလက်ရှိရှိနေတဲ့ တိုက်ပွဲရင်ဆိုင်နေရတဲ့ဟာရယ်၊ တပ်ပိုင်းဆိုင်ရာ ထောက်ခံတဲ့သူတွေက အသံပြောင်းပြီးတော့ တော်တော်များများ အပြောင်းအလဲလုပ်ဖို့ တောင်းဆိုလာတဲ့ ကိစ္စလေးတွေ ရှိလာတာရယ်၊ သူတို့ရဲ့ ကျရှုံးမှု များနေတဲ့ အနေအထားတွေ ရှိနေတဲ့ဟာအတွက် သက်တမ်းတိုးပြီး ပြောင်းလဲဖွဲ့စည်းတဲ့ စစ်ကောင်စီမျိုးကို တွေ့ရနိုင်သလား၊ ဘယ်လိုပုံစံမျိုး ပြောင်းလဲသွားနိုင်တယ် ဆိုတဲ့ဟာတော့ ကျွန်တော်တို့ နည်းနည်းစောင့်ကြည့်ဖို့ လို တယ်” ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ – စစ်ကောင်စီ
#အာဏာသိမ်း #၃နှစ်အတွင်း #အဖက်ဖက် #ရှုံးနိမ့် #စစ်ကောင်စီ #အာဏာသက်တမ်းထပ်တိုးမည် #လေ့လာသူများသုံးသပ် #Ayeyarwaddy_Times