ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်က အင်အား ၈၀ ကျော်ဖြင့် စစ်ကြောင်းထိုး၀င်ရောက်ကာ တပ်စွဲစခန်းချမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့ကတည်းက ကောလင်း မြို့နယ်ရှိ ညောင်ကိုင်းရွာနှင့် သစ်ဆိမ့်ကုန်းရွာတို့ကို စစ်ကြောင်းထိုး ၀င်ရောက်နေခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကောလင်းအရှေ့ခြမ်းရှိ ကျောက်တန်းရွာတွင် တပ်စွဲထားကြောင်း သိရသည်။

ထိုသို့ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် သစ်ဆိမ့်ကုန်းရွာ အနောက်ဘက် ၁၃ မိုင်ကွေ့တွင် ကုန်တင်တွဲကားတစ်စီးနှင့် အိမ်စီးကား လေးစီးကို ချောဆွဲ၍ ယာဉ်မောင်းတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“ကားတွေက မန္တလေးဘက်ကနေလာတဲ့ကားတွေ၊ အဲဒီကားတွေကို ချောဆွဲတာ။ တွဲကားဆိုရင် ကုန်တွေပါပါတယ်။ ပစ္စည်းတွေနဲ့ ကားတွေနဲ့ဆိုရင် တန်ဖိုးက သိန်း ၂၀၀၀ ဖိုးလောက် ပါသွားတယ်။ ကားဆရာကိုလည်း နေရာမှာပစ်သတ်လိုက်တာ” ဟု ကောလင်းဒေသခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ကောလင်းအရှေ့ခြမ်းရှိ ကျောက်တန်းရွာတွင် တပ်စွဲနေထိုင်လျက်ရှိပြီး ဒေသခံပြည်သူများ၏ရိက္ခာများနှင့် ဆိုင်ကယ်များကို ၎င်းတို့ တပ်ချရာ စခန်းအတွင်းသို့ ယူဆောင်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ကျောက်တန်းရွာနှင့် သစ်ဆိမ့်ရွာတို့မှ ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကောလင်းဒေသခံများထံက သိရသည်။

အဆိုပါ စစ်ကြောင်းသည် ခမရ-၃၆၃ မှဖြစ်ပြီး လေကြောင်းမှ စစ်ကူလာပို့သည့် စစ်ကောင်စီတပ်သားများနှင့် အင်အားပူးပေါင်း၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရပြီး တိုက်ပွဲများဖြစ်လာနိုင်သည့်အတွက် အင်းတော် -ကောလင်း-ရွှေဘိုလမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့များက ယာယီပိတ်ဆို့ထားကြောင်း သိရသည်။

ဓာတ်ပုံ- Kachinwaves
ပုံစာ- စစ်ကြောင်းထိုးလာ၍ ထွက်ပြေးတိမ်းရှောင်နေရသည့် ကောလင်းဒေသခံများ
#စစ်ကိုင်း #ကောလင်း #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #Ayeyarwaddy_Times