ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက် မွန်းလိုင်နှစ်ခြင်းဘုရားကျောင်းအနီး Happy Hour အရက်၊ဘီယာ အရောင်းဆိုင်ရှေ့တွင် ဇန်နဝါရီလ ၂၀ရက်နေ့၊ ည ၉နာရီခွဲခန့်က လက်နက်ကိုင် အမျိုးသား နှစ်ဦးက အရပ်သား လူငယ်နှစ်ဦးကို ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ရိုက်နှက်ခံရသည့် လူငယ်နှစ်ဦးမှာ အသက် ၂၄နှစ်အရွယ်နှင့် ၂၁နှစ်အရွယ် ပန်းရံလုပ်သား နှစ်ဦးဖြစ်ကြပြီး အလုပ်ဆင်းချိန် Happy Hour ဘီယာအရောင်းဆိုင် ရှေ့တွင် ထိုင်စကားပြောနေကြစဥ် လမ်းမျက်နှာချင်းဆိုင်မှ အသက် ၃၀ ဝန်းကျင် အမျိုးသားနှစ်ဦးအနက် ပစ္စတိုသေနတ်ကိုင်ထားသည့်လူက သေနတ်ဖြင့်ချိန်ကာ စစ်ဆေးမေးမြန်းရိုက်နှက်ခဲ့ကြောင်း ကာယကံရှင်လူငယ်ထံကသိရသည်။

“အဲ့လူနှစ်ယောက်ကဝမ်းတူးဖိုက်ဆိုင်ကယ်နဲ့ ကျွန်တော်တို့စကားပြောနေတဲ့နေရာရှေ့မျက်နှာချင်းဆိုင်ကနေ ကြည့်နေတာ။ မှောင်နေတော့ကျွန်တော်တို့လည်းသတိမထားမိဘူး။ခဏနေတော့ ရုတ်တရက်ကျွန်တော်တို့နားရောက်လာပြီး သေနတ်နဲ့ချိန်တယ်။ဒူးထောက်လက်မြောက်ခိုင်းတယ် “ ဟု ခြိမ်းခြောက်ခံရသူ အသက် ၂၄နှစ်အရွယ် ပန်းရံလုပ်သားက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါလက်နက်ကိုင်နှစ်ဦးသည် လူငယ်နှစ်ဦး၏ ဖုန်းများကိုစစ်ဆေးပြီး ၄င်းတို့ကို ZRA (Zomi Revolutionary Army) နှင့်ပတ်သက်သူများဟုစွပ်စွဲကာ ရိုက်နှက်ကန်ကျောက်သောကြောင့် အသက် ၂၁နှစ်အရွယ် ပန်းရံလုပ်သား၏ ခါးရိုးထိခိုက်သွားကြောင်းသိရသည်။

“ကျွန်တော်တို့က ချင်းလိုပြောကြတာ။သူတို့က နားလည်တယ်။ ပြီးတော့ကျွန်တော်တို့က ဘာမှမလုပ်ပါဘူး၊အရက်မူးလို့ပါးစပ်ထဲရှိတာလျှောက်ပြောမိတာပါလို့ ချင်းလိုပြောတော့ သူတို့ နားလည်တယ်။ဒါပေမယ့်ဗမာလိုပဲပြန်ပြောတာ။အသံကလည်းဝဲတယ်။တစ်နာရီလောက် ဒူးထောက်ခိုင်း၊နောက်လှည့်ခိုင်းပြီး သေနတ်နဲ့ ကျွန်တော်တို့နောက်ကို အတွဲလိုက်ပစ်တာ။ပြီးတော့ကျွန်တော့်ကို ဝိုင်းထိုးကြိတ်ပြီးခြေထောက်နဲ့ပါ ကန်ကြတာပဲ” ဟု ရိုက်နှက်ခံရသူ ၂၁နှစ်အရွယ် ပန်းရံလုပ်သားကပြောသည်။

တစ်နာရီခန့်စစ်မေးပြီးနောက် လူငယ်နှစ်ဦး၏အိမ်လိပ်စာများတောင်းကာ ထွက်သွားကြကြောင်း သိရသည်။

“အကောင်းဆုံးကတော့ ညဘက်အပြင်မထွက်တာ အကောင်းဆုံးပဲ။ လက်ရှိမှာ မင်းမဲ့တိုင်းပြည်လိုဖြစ်နေတာ။တော်လှန်ရေးကာလလည်းဖြစ်နေတော့အများစုက လက်နက်ကိုင်ထားရင်ကို စစ်ကောင်စီမဟုတ်ရင် PDF ပဲလို့ ထင်ကြတာပေါ့။အမှန်က ခွဲခြားမြင်တတ်ဖို့လည်း လိုမယ်ထင်ပါတယ်။ ဒီလိုကျူးလွန်မှုတွေဟာလည်း တော်လှန်ရေးအလွန်ကာလမှာ တစုံတရာအရေးယူမှုတွေရှိလာမှာပါ” ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

ကလေးမြို့၊ကြို့သုံးပင်ရပ်ကွက်တွင် လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်က လက်နက်များစွာ စီးဆင်းဝင်ရောက်ခဲ့ပြီး အချို့က တရားဥပဒေစိုးမိုးမှုမရှိခြင်းကိုအခွင့်ကောင်း ယူ၍ တော်လှန်ရေးကိုအကြောင်းပြ လက်နက်များဝယ်ယူပြီး ရပ်ကွက်ထဲတွင်ခြိမ်းခြောက်ဓားပြတိုက် လုယက်မှုများကျူးလွန်နေကြောင်း ကြို့သုံးပင်ရပ်ကွက်ရပ်မိရပ်ဖတစ်ဦးကပြောသည်။

“ခေတ်ပျက်နေတာကို အခွင့်ကောင်းယူပြီး
ရာဇဝတ်မှုတွေကျူးလွန်နေကြတာတွေရှိပါတယ်။ အဲ့ဒီထဲမှာတစ်ချို့က တော်လှန်ရေးသမားတွေကို ပြည်သူတွေအထင်မြင် လွဲမှားအောင်ပါ လုပ်နေကြတယ်။သေချာတာကတော့ လက်နက်ကိုင်သူတိုင်း စကစ မဟုတ်သလို၊ PDF လည်းမဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးအစတုန်းက ကလေးမြို့မှာ သေနတ်တွေ ဆိုတာ အပေါဆုံးဖြစ်ခဲ့တာ မှတ်မိကြမှာပါ။အဲ့ဒီလက်နက်တွေရသွားသူတိုင်း နွေဦးတော်လှန်ရေးထဲပါမလာကြပါဘူး။ ဒီလောက်ဆိုရင်ပြည်သူတွေ သဘောပေါက်ကြမှာပါ” ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကလေးမြို့ဒေသခံများအနေဖြင့် စစ်ဖြစ်နေသည့်ကာလအတွင်း မိမိလုံခြုံရေးကို အထူးဂရုစိုက်ကြရန်နှင့် တော်လှန်ရေးသမားမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များလည်း ရှိနေသောကြောင့်အပြောဆိုအနေအထိုင်အသွားအလာသတိဝီရိယရှိကြရန် ၄င်းက တိုက်တွန်းပြောဆိုထားသည်။

#ကလေးမြို့ #စစ်ကိုင်းတိုင်း #လက်နက်ကိုင် #ရိုက်နှက် #တရားဥပဒေမဲ့ #Ayeyarwaddy_Times