
ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီ ၂၁ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးနှင့် သံဖြူဇရပ်ကြားရှိ စစ်ကောင်စီက ငွေကြေးကောက်ခံသည့် ကြိုးတံတားဂိတ်စခန်းကို ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြိုးတံတားဂိတ်စခန်းသည် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်များမှ စခန်းချကာ ငွေကြေးကောက်ခံနေသည့် ဂိတ်စခန်းတစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ကာ ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲကြာချိန် တစ်နာရီကျော်အတွင်း စစ်ကောင်စီတပ်သား ခြောက် ဦးနှင့်အထက်သေဆုံးခဲ့ကြောင်း သိရသည်။
“အဓိကတော့ ဒေါနစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းမဟာမိတ်တွေ ကြိုးတံတားကိုသွားသိမ်းတယ်။ တိုက်ပွဲအချိန်ကတော့ တစ်နာရီလောက်ကြာတယ်ပေါ့နော်။ စခန်းသိမ်းပြီးနောက်ဆက်တွဲကတော့ ရန်သူ့ဘက်က အထိအခိုက်အကျဆုံးဒဏ်ရာရတာရှိတယ် ထွက်ပြေးတာရှိတယ်” ဟု ဒေါနစစ်ကြောင်း စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ရန်နိုင် က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် တိုက်ပွဲအတွင်း စစ်ကောင်စီ ခမရ-၅၈၈ တပ်ရင်း နှင့် ခမရ-၃၄၃ တပ်ရင်းများမှ အကြိမ်ရေ ၄၀ ထက်မနည်း လက်နက်ကြီးပစ်ကူပေးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း ခမရ-၅၈၈ တပ်ရင်းအတွင်းသို့ လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲချိန်မှာတော့ သူတို့ စစ်ကူလာတာရှိတယ်။ ခမရ-၅၈၈ ကလာတာရှိတယ်။ ပျူစောထီးခေါင်းဆောင် လင်းဦးဘက်က လာတာရှိတယ်။ ခမရ-၃၄၃ ဘက်ကနေလက်နက်ကြီးတွေ ပစ်ကူတာတွေ တောက်လျောက်ရှိတယ်” ဟု ရဲဘော်ရန်နိုင်က ဆက်လက်ပြောသည်။
တိုက်ပွဲအတွင်း MA-1 တစ်လက်၊ M16 -A1တစ်လက်၊ AK တစ်လက်၊ ၆၀ ကွန်မန်ဒိုစိန်ပြောင်းတစ် လက်၊ အတိုတစ်လက်၊ ၄၀ မမဗုံးသီး ရှစ်လုံး၊ RPG ဗုံးသီး ငါး လုံး၊ ပို့ယမ်းနှစ်တောင့်၊ အီနာဂါ၊ ၆၀ မမလက်နက်ကြီးကျည်များ၊ လက်ပစ်ဗုံး၊ ကျည်ဘောက်များနှင့် ကျည်တောင့် ထောင်ချီသိမ်းဆည်းရရှိခဲ့ပြီး ဆိုင်ကယ် နှစ် စီးနှင့် အခြားဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် သုံး ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွှေဝယ်သူ ၊ ရွှင်လန်းကားတစ်စီး၊ မြင့်မြတ်သူ ကားတစ်စီးပျက်စီးခဲ့ပြီး အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါစခန်းသိမ်းတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း၊ MSRF၊ ABSDF တပ်ရင်း(၁) ၊ ဒေါနစစ်ကြောင်းတပ်ခွဲ-၃ YGF၊ ဒေါနစစ်ကြောင်းတပ်ခွဲ-၅ MSRO၊ YDF၊ နှင့် ရေးသိမ်းငှက် အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ – ဒေါနစစ်ကြောင်း
#ရေးကြိုးတံတားဂိတ်စခန်း #စစ်ကောင်စီတပ်စခန်းသိမ်း #လက်နက်ခဲယမ်းသိမ်းဆည်းရမိ #Ayeyarwaddy_Times