
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ရက်
ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ မန့်ဝိန်းကြီးစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
KIA သည် နန်ခမ်းမြို့နယ်နှင့် မံစီမြို့နယ်ကြား မန့်ဝိန်းကြီးဒေသရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ(၄၂၄)ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့တွင် သိမ်းပိုက်ခဲ့နိုင်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
”ကောင်းမှုယန်ကျေးရွာအခြေစိုက် ခမရ-၄၂၄ရဲ့ မန့်ဝိန်းကြီးစခန်းကို ဝင်တိုက်တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၀လောင်းကျော်နဲ့ လက်နက်ခဲယမ်းတွေအများကြီးသိမ်းမိထားတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ကြားတွင်ရှိသည့် ၎င်းတို့၏ စစ်စခန်းကျသွားသည့်အတွက် မန့်ဝိန်းကြီး စခန်းရှိရာသို့ တိုက်လေယာဥ် နှစ်စင်းဖြင့် ဗုံးကြဲနေကြောင်းသိရသည်။
ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ယမန်နေ့တွင်ဖားကန့်မြို့နယ် ဝှေ့ခါရွာရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီအဖွဲ့များနှင့် ဆိုင်းတောင်ရွာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့သည် ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းကလည်း ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်ရှိ မဘိမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်းသိရသည်။
#မံစီမြို့နယ် #မန့်ဝိန်းကြီးစစ်စခန်း #KIAတိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times