ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ရက်

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်ရှိ မဘိမ်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းကစတင်၍ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။

ယမန်နေ့ ဇန်နဝါရီ ၂၀ရက်နေ့က စတင်၍ မဘိမ်းမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့် ကုန်းမခံရွာရှိ စစ်ကောင်စီတပ်စခန်းတို့ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့ကာ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။

“မနေ့က ရဲစခန်းကိုစတိုက်တာ ရဲမှူးထိသွားပြီး စခန်းကတပ်ဖွဲ့ဝင်တွေလက်နက်ချ အညံ့ခံတယ်။ ဒီနေ့မနက် တပ်စခန်းကိုဝင်တိုက်တာ သိမ်းနိုင်သွားပြီ။ လေယာဥ်နဲ့ ဗုံးလာကြဲလို့ အသေအပျောက် အတိအကျစာရင်းတော့မပြောနိုင်သေးဘူး” ဟု မြေပြင်တွင် ရှိနေသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

KIAနှင့်ပူးပေါင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မဘိမ်းမြို့တွင် စစ်ကောင်စီ၏ တပ်စခန်းတစ်ခုနှင့် ရဲစခန်းတို့ရှိပြီး အဆိုပါနေရာနှစ်ခုကို သိမ်းပိုက်၍ မြို့ကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီဘက်က စစ်တပ်စခန်းကုန်းကျသွားသည့်အတွက် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင်ပင် လေယာဥ်ဖြင့် နှစ် ကြိမ် ဗုံးလာကြဲချခဲ့ကြောင်းသိရသည်။

အဆိုပါ မဘိမ်းမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA ) နှင့် ရွှေကူ PDF မိုးကြိုးတပ်ခွဲတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မဘိမ်းမြို့သည် ယခုတိုက်ပွဲပြင်းထန်နေသည့် မိုးမိတ်နှင့် နယ်မြေထိဆက်လျက်ရှိပြီး မိုးမိတ်ကို ပူးပေါင်းတပ်ဖွဲ့များရရှိပါက မိုးကုတ်နှင့်ဗန်းမော်ထိ လက်တံရှည်လာနိုင်ကြောင်း စစ်ရေးသုံးသပ်သူများက ဆိုသည်။

ပုံစာ- မဘိမ်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားစဥ်
#ရှမ်းမြောက် #မဘိမ်းမြို့ #စစ်ကောင်စီစခန်း #တိုက်ခိုက်ခံရ #KIA #PDF #မြို့ကိုထိန်းချုပ် #Ayetarwaddy – Times