ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

မကြာမီ ပြုံယမ်းမြို့တော်သို့ လာရောက်လည်ပတ်လိုတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြော ကြားခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ပူတင်က မြောက်ကိုရီးယားသို့ လာရောက်ပါက ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ရုရှားသမ္မတတစ်ဉီးအနေနဲ့ ၂၄ နှစ်အတွင်း မြောက်ကိုရီးယားသို့ ပထမဆုံး လာရောက်လည်ပတ်မှု ဖြစ်လာမှာဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေးရဲ့ ရုရှားသို့ ၃ ရက်ကြာ တရားဝင် ခရီးစဉ်အကြောင်း ကို တနင်္ဂနွေနေ့ထုတ် အာဏာရပါတီအာဘော်သတင်းစာ ရိုဒေါင်ဆင်မွန်က ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဖိတ်ကြားမှုအ တွက် ကျေးဇူးတင်ရှိကြောင်း ပူတင်က ပြောကြားခဲ့ပြီး စောနိုင်သမျှစောပြီး မြောက်ကိုရီးယားသို့ လာရောက်ဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောပါတယ်။

မြောက်ကိုရီးယားပြည်သူတွေဟာ အကြီးမားဆုံး ရိုးသားမှုနဲ့ အနီးကပ်ဆုံးမိတ်ဆွေကို နှုတ်ဆက်ဖို့ အ ဆင်သင့်ရှိတယ်လို့ ရိုဒေါင်ဆင်မွန်သတင်းစာက ဆိုပါတယ်။

ချိုဆွန်ဟွေးက ရုရှား တာဝန်ရှိသူတွေနဲ့ ကိုရီးယားကျွန်းဆွယ်အရေး ဆွေးနွေးခဲ့တယ်လို့လည်း အဆိုပါ သတင်းစာက ဖော်ပြပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် တာဝန်မဲ့သော၊ ရန်လိုသော အပြုအမူတွေနဲ့ အမေရိကန်နဲ့ မ ဟာမိတ်တပ်ဖွဲ့တွေရဲ့ အပျက်သဘောဆောင်သော သြဇာလွှမ်းမိုးမှုနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ နှစ်ဖက်စလုံးက ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေကို တန်ပြန်ဖို့ မြောက်ကိုရီးယားနိုင်ငံက ရုရှားနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ရည် ရွယ်ထားတယ်လို့ သိရပါတယ်။

ကိုးကား – NHK
Ref; N.Korean media says Putin willing to visit Pyongyang

#Ayeyarwaddy_Times