ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

ဧရာ၀တီတိုင်း ပုသိမ်မြို့ကို လာရောက်သည့် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၀ရက်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မိသားစုနှင့်တွေ့ဆုံခဲ့ပြီး စည်းရုံးရေးဆင်းနေကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲတွင် တပ်မတော်သားများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ညီရင်းအကို၊ မောင်ရင်းနှမသဖွယ် စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး နေထိုင်ကြရန်၊ ပေးအပ်လာသည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်အရေးကြီးကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

” လက်ရှိ တိုက်ပွဲတွေ နဲ့ ပတ်သတ်ပြီးဘာမှမဖြစ်သလို ထည့်ပြောပြီး အဓိကကတော့ ခုနောက်ပိုင်း တပ်ရင်းလိုက်လက်နက်ချတာတွေ၊ အလင်း၀င်ကြတာနဲ့ တပ်က ပြေးကြတာတွေများလာလို့ သူကိုယ်တိုင်လိုက်စည်းရုံးနေရတဲ့သဘောမျိုး ထင်ပါတယ် ပုသိမ်ဘက်မှာလဲ ရှေ့တန်းမထွက်ခြင်လို့တပ်ပြေးတွေများများလာတယ်” ဟု တပ်မိသားစု၀င်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ဧရာ၀တီတိုင်းရှိ စစ်ကောင်စီတပ်များတွင် မိသားစုများကို အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် များတပ်ရင်းကသိမ်းဆည်းထားပြီးနေ့စဥ်တိုင်း MWD / MRTV သတင်းများကိုသာစောင့်ကြည့်ခိုင်းကာ လုပ်အားပေးခိုင်းခြင်း၊ အမျိုးသမီးများကို ကင်းစောင့်ခိုင်းခြင်းများနှင့် ဖိနှိပ်ထားကြောင်း တပ်မိသားစုနှင့် နီးစပ်သူများထံမှသိရှိရသည်။

စစ်ခေါင်းဆောင်သည် ပုသိမ်မြို့ကိုရောက်ရှိစဥ် မြို့မိမြို့ဖဆိုသူများနှင့် တွေ့ဆုံခဲ့ကာ ပုသိမ်လေယာဥ်ကွင်းနှင့် ပုသိမ်တက္ကသိုလ်တို့ကိုသွားရောက်ခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည်။

စစ်ကောင်စီဥက္ကဌသည် တိုက်ပွဲမရှိသော ဧရာ၀တီတိုင်းကို မကြာခဏလာရောက်လေ့ရှိပြီး ရောက်ရှိနေချိန်အတွင်း တိုင်းမြို့တော်ပုသိမ်မြို့တွင်းလုံခြုံရေးအင်အားအများအပြားချထားကာ လမ်းများပေါ်တွင် အမှိုက်မရှိအောင်ရှင်းလင်းထားကြသည်။ ထို့အပြင်ကျေးရွာများပါမကျန် လျှပ်စစ်မီးမပျက်ပဲရရှိနေကြောင်မြို့ခံများထံမှသိရှိရသည်။

#စစ်ကောင်စီတပ်သားများ #မိသားစုစိတ်ဓါတ်မွေးမြူပေးရန်# #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #ပုသိမ် #Ayeyarwaddy_Times