ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ ဇန်နဝါရီ ၂၀ ရက်

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ အမြောက်တပ် အမတ-၃၁၄ တပ်ရင်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးထိမှန်၍ ဒေသခံသုံးဦးသေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ အမတ-၃၁၄ တပ်ရင်းသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် တက်တူကုန်းရွာ အတွင်းသို့ လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး သုံး ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ခုနစ်ဦးအနက် ငါးဦးမှာ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ဘီးလင်းမှာ ရွှေရောင်ပြ လက်နက်ကြီးတပ်ကနေ လှမ်းပစ်တာ။ တတ်တူကုန်းရွာထဲကို လက်နက် ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်။ တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့ရသူများမှာ ဒေါ်ယဉ်ယဉ်ဌေး(၄၉)နှစ်၊ မစန္ဒာ(၂၂)နှစ် နှင့် နော်ကော်လာမူ တို့ဖြစ်ပြီး အမျိုးသမီး သုံး ဦးနှင့် အမျိုးသား နှစ်ဦးမှာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ကျန်နှစ်ဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ခမရ-၃ တပ်ရင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်အတွင်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ဝင်းတာပန်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး သာလည်ထ ဘုန်းကြီးကျောင်းနှင့် စေတီတော်တို့ ထိမှန်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ထံက သိရသည်။

စစ်ကောင်စီသည် ကရင်အမျိုးသားအစည်းရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် လက်နက်ကြီးများဖြင့် အ‌ကြောင်းမဲ့ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို နေ့စဉ် ပြုလုပ်နေပြီး ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ လူ့အခွင့်ရေးချိုးဖောက်မှု များကြောင့် ဒေသခံပြည်သူ ၁၉၅ ဦးသေဆုံးခဲ့ရကြောင်း KNU က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပေးပို့
#ဘီးလင်း #အမတ၃၁၄ #လက်နက်ကြီးပစ်ခတ် #ဒေသခံသေဆုံး #အမျိုးသမီး #လက်နက်ကြီးထိမှန် #Ayeyarwaddy_Times