
ဇလပ်ဖြူ/ ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်ရှိ စစ်ကောင်စီအထိုင်ချ စစ်ဆေးရေးဂိတ်အနီးရှိ ယမကာ စတိုးဆိုင်ကို ဇန်နဝါရီလ ၁၈ရက်နေ့ည (၇)နာရီခန့်က ဓားပြတိုက်ခံရကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။
ကလေးမြို့တွင် စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးလျှင် အစစ်ဆေးအမေးမြန်းမရှိ ပစ်ခတ်လေ့ရှိသော်လည်း စစ်တပ်ဝန်းရံနေသည့် အောင်သစ္စာရပ်ကွက်၊ ယမကာစတိုးဆိုင်ကို ည ၇နာရီခန့်တွင် အရပ်ဝတ်အမျိုးသားသုံးဦးက ဆိုင်ကယ်တစ်စီးဖြင့် ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
“လက်ဝတ်ရတနာနဲ့ ငွေလည်းတစ်ချို့ပါသွားတယ်။စုစုပေါင်းတန်ဖိုးတော့ အတိကျမပြောတတ်ဘူး။ သူတို့လည်းကြောက်နေကြတာ။လူကိုတော့ ဘာမှမလုပ်သွားပါဘူး” ဟု အောင်သစ္စာရပ်ကွက်တွင်နေထိုင်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဓားပြတိုက်ခံရသည့် အောင်သစ္စာရပ်ကွက်သည် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ကလေး-ဒကစ) ရှိရာရပ်ကွက်ဖြစ်ပြီး စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များ တပ်စွဲနေထိုင်ရာ စကားလှဘုန်းကြီးကျောင်း ရှိရာ ရပ်ကွက်လည်းဖြစ်သည်။
၂၀၂၃ခုနှစ် စက်တင်ဘာ၂၉ ရက်ကလည်း ကလေးမြို့၊ ပင်လုံရပ်ကွက်၊ စစ်ကောင်စီ၏ ၂၂၈တပ်ရင်း အနီးရှိဆနေအိမ်တစ်အိမ် ဓားမြတိုက်ခံခဲ့ရပြီး ပျူစောထီးများ၏ လက်ချက်ဖြစ်ကြောင်း ဒေသခံများက အတည်ပြုခဲ့သော်လည်း အရေးယူမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။
၂၀၂၃ တစ်နှစ်တာအတွင်းကလေးမြို့တွင် စစ်ကောင်စီနှင့် ပျူစောထီးများဂိတ်ချ ငွေကြေးတောင်းခံ
စစ်ဆေးလေ့ရှိသည့် နေရာများတွင် ငါးကြိမ်ထက်မနည်း ဓားပြမှု၊လုယက်မှုနှင့် ဖောက်ထွင်းမှုများဖြစ်ခဲ့သည်ဟုကလေးမြို့ခံများက ပြောသည်။
ဓာတ်ပုံ – ကလေးမြို့ရှိ ပျူစောထီးသင်တန်း (ပုံဟောင်း)
#ကလေးမြို့ #ဓားပြမှု #စစ်ကောင်စီ #ပျူစောထီး
#Ayeyarwaddy_Times