နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် အတွင်းရှိ ကျေးရွာများအား ပြည်သူ့စစ်စာရင်းပေးရန် စာရင်းကောက်ခံခဲ့သည့် စစ်ကြောင်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အရာရှိသုံးဦးအပါဝင် တပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့က မအူကွင်းကျေးရွာနှင့် ခမောက်ကျေးရွာများတွင် ပြည်သူ့စစ်စာရင်းသွားရောက်ကောက်ယူရာ မရရှိသော ကြောင့် အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ဖြစ်ပြီး ကျေးရွာ များကို စစ်ကြောင်း ထိုးဝင်ရောက်နေစဥ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“၁၆ ရက်နေ့ မနက်ပိုင်းက တောင်ခမောက်ကျေးရွာ နဲ့ ကိုင်းကွင်းကျေးရွာ ကြားကို စစ်ကြောင်းထိုးဝင်ရောက်လာတာ။ ရွာစဥ်ပတ်ပြီး မီးရှို့ နေတဲ့ တပ်ကို မိုင်း ငါးကြိမ် ဖောက်ခွဲပြီးတိုက်ခိုက်ခဲ့တာ။ ကပစ(၁၉) တပ်ရင်းက ဗိုလ်နေလင်းအောင်အပါဝင် အရာရှိသုံးဦးနဲ့ အခြားအဆင့်သုံးဦး သေတယ်” ဟု မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကို ပြည်ခရိုင်တပ်ရင်း (၃၆၀၁-PPDF) တပ်ရင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့များ မိုင်းခွဲတိုက်ခိုက်၍ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများကို ဝဲကြီးဆည် ရေလမ်းကြောင်းမှတဆင့် ပေါင်းတည်မြို့သို့ ပြန်လည်သယ်ယူသွားကြောင်း သိရသည် ။

တော်လှန်ရေးတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်၍ ထိခိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ကိုင်းကွင်း ကျေးရွာကို ထပ်မံ၍မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသား တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ-စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့သည့် ကိုင်းကွင်းကျေးရွာ နှင့် သေနတ်ဖြင့် ပစ်သတ်ခံရသူအမျိုးသား
#ပေါင်းတည် #ကျေးရွာများမီးရှို့ #စစ်ကောင်စီတပ် #မိုင်းဆွဲတိုက်ခိုက် #အရာရှိ၃ဦး #တပ်ဖွဲ့ဝင်၆ဦး #သေဆုံး #Ayeyarwaddy_Times