ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

အီဂျစ်သံအမတ် H.E. Mrs. Aya Saad Monhamed Abdelkarim သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ် သမ္မတနိုင်ငံသံမတ်ကြီးအဖြစ် သံမတ်ခန့်အပ်လွှာရယူပြီးနောက် စစ်ကောင်စီ၏ ဗဟိုဘဏ် အပါအဝင်ဝန်ကြီးဌာနခြောက်ခုနှင့် တွေ့ဆုံကြောင်း သိရသည်။

စစ်ခေါင်းဆောင်၏ သံအမတ်ခန့်အပ်လွှာရရှိခဲ့သည့် အီဂျစ်သံအမတ်သည် ဇန်နဝါရီ ၁၈ ရက်နေ့နှင့် ဇန်ဝါရီ ၁၉ ရက်နေ့တို့တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနခြောက်ခုရှိ ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ခြင်ဖြစ်သည်။

စစ်ခေါင်းဆောင်က အီဂျစ်သံမတ်အား ခန့်အပ်လွှာပေးအပ်ပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးဆိုင်ရာကိစ္စများနှင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုဆင်ပြင်နေသည်ဟု ပြောကြားခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

စစ်ကောင်စီကခန့်အပ်သည့် အီဂျစ်အာရပ်သံအမတ်ကြီးဖြစ်လာသူ H.E. Mrs. Aya Saad Monhamed Abdelkarim သည် ဇန်နဝါရီ ၁၉ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေတို့တွေ့ဆုံခဲ့ပြီး ပြည်တွင်းဘဏ်များ တွင် ငွေစာရင်းဖွင့်လှစ်နိုင်မှုနှင့် နိုင်ငံခြားသုံး‌ငွေလုပ်ငန်းဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီ၏ ဆောက်လုပ်ရေး ဝန်ကြီးဌာနက အီဂျစ်သံအမတ်နှင့်တွေ့ဆုံ ရာတွင် လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက် အအုံ ဆိုင်ရာရင်းနှီးမြှပ်နှံမှုကိစ္စရပ်များတွင် ပါဝင်နိုင်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းပြင် အီဂျစ်သံအမတ်နှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန တွေ့ဆုံရာတွင်မူ နှစ်နိုင်ငံကြားရှိ ရင်းစွဲချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးအပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီး မြုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အီဂျစ်သံအမတ်သည် ဇန်နဝါရီ ၁၈ ရက်နေ့က စစ်ကောင်စီ၏ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တွေ့ဆုံခဲ့ပြီး ဝါမျိုးစိတ်များဖလှယ်ရေး၊ အာလူးသီးနှံစိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍပူးပေါင်း ဆောင်ရွက်နိုင်ရန်ဆွေးနွေး ကြောင်း သိရသည်။

ထို့ပြင် အီဂျစ်နိုင်ငံမှ ဖွင့်လှစ်သော (Egyption International Center For Agriculture) ဝါသီးနှံစိုက်ပျိုးရေး ထုတ်လုပ်မှု နည်းပညာသင်တန်းကို မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီးဌာနနှင့် စစ်ကောင်စီခန့် အီဂျစ်အာရပ်သံ အမတ်ကြီး H.E. Mrs. Aya Saad Monhamed Abdelkarim တို့တွေ့ဆုံရာတွင် ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများအဆင့်မြင့်တင်ရန်၊ အသစ် တည်ဆောက် ရန်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးတွင် ရင်းနှီးမြုပ်နှံရန် အပါအဝင် သဘာဝဓာတ်ငွေ့ (CNG) သုံးယာဉ်များ ပြောင်းလဲသုံးနိုင်ရေး အားပေးမြှင့်တင်ပေးရန် တို့ ပြောဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် အီဂျစ်နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၅၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံက သိရသည်။

ဓာတ်ပုံ – MOI
#မြန်မာနိုင်ငံဆိုင်ရာအီဂျစ်သံအမတ်ခန့် #သံအမတ်အသစ်နှင့်ဝန်ကြီးဌာနများတွေ့ #Ayeyarwaddy_Times