ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

ပြင်ပဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်းတရိပ်ရိပ် မြင့်တက်နေပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ဆန်ဈေးနှုန်း သတ်မှတ်ချက်သည်ပင် တစ်လအတွင်း ကျပ်လေးသောင်း (၄၀၀၀၀) ဈေးတက်သွားကြောင်း ယင်းအသင်းထုတ်ပြန်ချက် အရသိသည်။

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ဆန်ဈေးနှုန်း သတ်မှတ်ရာတွင် မိုးစပါးမှ ထွက်ရှိသောဆန်အသစ်စျေး ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွက် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀ မှ ၁၃၅,၀၀၀ ဈေးနှုန်းသတ်ထားပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလသတ်မှတ်ချက်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ မှ ၉၅,၀၀၀ ဖြစ်၍ တစ်လအတွင်းဆန်တစ်အိတ်ဈေးနှုန်း လေးသောင်းကျပ်မြင့် တက်သွားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက် အရသိရသည်။

ပြင်ပဆန်ဈေးကွက်ပေါက်ဈေးတွင်မူ ရွှေဘိုပေါ်ဆန်းအသစ်တစ်အိတ်လျှင် ကျပ် ၁၅၅,၀၀၀ ရှိရာ တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျပ်ဈေးမြင့်လာပြီး တစ်အိတ် ဈေးနှုန်း ကျပ် ၁၆၅,၀၀၀ ရှိကြောင်း လက်လီလက်ကားဆန်ဆိုင် တစ်ခုထံက သိရသည်။

“ဆန်အဟောင်းဈေးရော အသစ်ဈေးတွေရောတက်တယ်။ ဝယ်တဲ့သူတွေလည်း ဈေး သက်သာတာကိုရွေးတဲ့သူနဲ့ ဆန်ကောင်းပဲရွေးတဲ့သူတွေလည်းရှိတယ်။ ဆန်တစ်အိတ် ဈေးကအရမ်းကြီးသွားပြီ။ ပွဲရုံကတော့လက်ရှိပုံမှန် အတိုင်းပဲရောင်းပေးတယ် ” ဟု ဆန်ပွဲရုံပိုင်ရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ပုံမှန်ဆန်စပါးစိုက်ပျိုးနိုင်သည့်နေရာများတွင်ပင် ပုံမှန်အတိုင်းစိုက်ပျိုး နိုင်ခြင်းမရှိသည့်အပြင် အခြားအကြောင်းအရင်းများစွာလည်း ရှိနေကြောင်း ဆန်ပွဲရုံပိုင်ရှင်က ဆက်လက်ပြောကြားသည်။

ထို့ပြင် စပါးအသစ်များထွက်ပြီဖြစ်သော်လည်း ပြင်ပတင်ပို့သည့် လှောင်လက်နှင့် စက်ပိုင်ကုန်သည်များ ဝယ်လိုအားများနေခြင်း၊ ဈေးကွက်အဝင်နည်းခြင်းအပါအဝင် စားသုံးရန်စုဆောင်းခြင်းများကြောင့် ဆန်စပါးဈေးနှုန်းမြင့်တက်နေကြောင်း ဆန်ကုန် သည်များထံက သိရသည်။

ပြည်တွင်းစားသုံးမှုများသည့် ပေါ်ဆန်းအုပ်စုဝင်ဆန် အမျိုးအစားဈေးနှုန်းများတွင် ပေါ်ဆန်း ရိုးရိုးဈေးက ကျပ်တစ်သိန်းကျော်နေပြီဖြစ်ကာ တစ်အိတ်လျှင် ကျပ် ၁၁၄,၀၀၀ ၊ ပေါ်ဆန်းလတ်ဈေး ကျပ် ၁၁၇,၀၀၀၊ ဖျာပုံပေါ်ဆန်းဈေး ကျပ် ၁၃၄,၀၀၀ ၊ ကျားပျံဈေး ကျပ် ၁၃၄,၀၀၀ နှင့် ဇီယာတစ်အိတ်လျှင် ကျပ် ၈၈,၀၀၀ ရှိကြောင်း ဘုရင့်နောင်ဈေးရှိ ဆန်ပွဲရုံထံက သိရသည်။

၂၀၂၃ – ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ဧက ၁၄ ဒသမ ၉၉ သန်းရှိပြီး ပျမ်းမျှစပါးထွက်နှုန်း ၇၈ ရာခိုင်နှုန်းရှိသဖြင့် စပါးအထွက်တင်း ၁၁၀၄ ဒသမ ၅၅ သန်းရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ရွှေဘိုပေါ်ဆန်းမွှေးထွက်ရှိရာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်က ဒေသခံများကိုသတ်ဖြတ်ခြင်း၊ ကျေးရွာများကိုမီးရှိုခြင်းများ လုပ်ဆောက်လျက် ရှိသည်။

ထို့ပြင် မိုခါမုန်တိုင်းဒဏ်ခံရသည့် ရခိုင်ပြည်နယ်အပါအဝင် အခြား သဘာ၀ဘေးနှင့် စစ်ဘေးဒဏ်ခံရသည့်‌ ဒေသများတွင် စပါးမစိုက်နိုင်၍ မိုးစပါးထွက်ရှိနှုန်း လျော့နည်းနေမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ပြင်ပဆန်ဈေးကွက် #ဆန်ဈေးနှုန်းမြင့် #ဆန်စပါးအသင်းချုပ်သတ်မှတ်ချက် #၁လအတွင်း #၄၀၀၀၀ကျပ်ဈေးတက် #Ayeyarwaddy_Times