ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

ချင်းတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်အခြေခံဥပဒေများနှင့် မူဝါဒများ ချမှတ်ရာတွင် ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် ချင်းပြည်သူ လူထု၏ အမြင်သဘောထားများကို ထည့်သွင်းစဉ်းစားပေးရန် ချင်းလူထုလှုပ်ရှားမူ(Chin Civic Movement)က ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်နေ့ညက သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုထားသည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် Chin Civic Movement ၏ လူထုသဘောထားတောင်းခံခြင်း လှုပ်ရှားမှုတွင် ချင်းပြည်တွင်းပြည်ပ အဖွဲ့အစည်း ၃၉ ဖွဲ့နှင့် ချင်းလူပုဂ္ဂိုလ် ၅၄၅ ဦး ပါဝင်ပြီး ထိုလှုပ်ရှားမူကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှ ၂၀၂၄ ဇန်နဝါရီလ ၁၇ ရက်အထိ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှုပ်ရှားမူ သဘောထားကောက်ခံမှုတွင် ချင်းပြည်နယ်မှ ၄၅ ရာခိုင်နှုန်း၊ ချင်းပြည်နယ် ပြင်ပမှ ၁၆ ရာခိုင်နှုန်းနှင့် နိုင်ငံတကာရောက်ချင်းလူမျိုးများမှ ၃၇ဒဿမ ၉ ရာခိုင်နှုန်း ခန့်​ရှိပြီး အမျိုးသား ၆၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၃၅ ရာခိုင်နှုန်းနှင့် ၃ဒဿမ ၉ ရာခိုင်နှုန်းသည် အမည်ဖော်ပြထားခြင်းမရှိကြောင်း ၎င်းကောက်ခံရရှိထားသော သဘောထားများကို ချင်းတော်လှန်ရေးတပ်ဖွဲ့ အားလုံးထံသို့ ပို့ပေးထားပြီဖြစ်ကြောင်း သိရှိရသည်။

Chinlan Constitution အတည်ပြုခြင်းနှင့် Chinland Council ဖွဲ့စည်းလိုက်သည့်အပေါ် ချင်းတော်လှန်ရေးအစုဖွဲ့များအကြား စစ်ရေးနှင့် နိုင်ငံရေး ပဋိပက္ခဆီသို့ ဦးတည်စေနိုင်သည့် အခြေနေများကို တွေ့ရှိရသဖြင့် ချင်းပြည်သူလူထု၏ဆန္ဒနှင့် အာဏာရှင် စနစ်ဖြုတ်ချရေး ရည်မှန်းချက်ကို ရှေ့ရှုကာ စုပေါင်းအဖြေရှာညှိနှိုင်းကြရန် Chin Civic Movement က အချက် (၄)ချက်ဖြင့် တိုက်တွန်းထားသည်။

ချင်းပြည်သူလူထု၊ ချင်းအရပ်ဘက်အဖွဲ့စည်းများနှင့် တော်လှန်ရေးအဖွဲ့အသီးသီးမှ ဝိုင်းဝန်း အားပြုထောက်ကန်ပေးထားကြသည့် တော်လှန်ရေးအစုအဖွဲ့အသီးသီး၏ သဘောထားကွဲလွဲမူများသည် ချင်းမျိုးနွယ်စုနိုင်ငံရေးတွင် ထိရှလွယ်ပြီး ပြည်တွင်းပြည်ပ ချင်းပြည်သူလူထုအတွက် နိုင်ငံရေးဦးဆောင်လမ်းပြမူကို ဝေဝါးစေပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများကြောင့် ချင်းပြည်သူလူထုများ၏ အသက်အိုးအိမ်နှင့် စည်းလုံးညီညွတ်မူကို ပြိုကွဲစေနိုင်သဖြင့် တော်လှန်ရေးကိုလည်း ကြန့်ကြာစေနိုင်ကြောင်း ဆိုပါသည်။

ထို့အပြင် ချင်းတော်လှန်ရေးခေါင်းဆောင်များ၊ မျိုးနွယ်စုအစည်းအရုံးများ ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ တော်လှန်ရေးအစုအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမူရေးအဖွဲ့အစည်းများအားလုံး မျော်လင့်တောင့်တကြသည့် ကိုယ်ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှမူများကို ချမှတ်ပြဋ္ဌာန်းနိုင်မည့် ဖွဲ့စည်းပုံရေးဆွဲခြင်းနှင့် အတည်ပြုခြင်း ကဲ့သို့သောကိစ္စရပ်များကို ဂုဏ်သိက္ခာရှိစွာ ညှိနှိုင်းဆောင်ရွက်သည့်နိုင်ငံရေးစနစ်ကို အကောင်ထည်ဖော်ကြရန် တိုက်တွန်းထားသည်။

စစ်အာဏာရှင်စနစ်အပါဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဟု ကြွေးကြော်ထားသည့်အတိုင်း အနာဂတ် ချင်းနိုင်ငံရေး ပုံဖော်တည်ဆောက်မူတွင်လည်း လက်နက်အင်အားနှင့် လူအင်အားကိုအခြေခံပြီး အချင်းချင်းအကြား မတူညီသည့်အင်အားစုများကို ချန်လှပ်ထားခြင်း နိုင်ငံရေးလက်ဦးမူရယူခြင်းထက် ချင်းအင်အားစုများအကြား အချင်းချင်း ညှိနှိုင်းအသိမှတ်ပြုတန်ဖိုးထား ဦးထိပ်ထားမူသည် အရေးကြီးကြောင်း အသိပေးထားသည်။

ချင်းအရပ်ဘက်အဖွဲ့စည်းများနှင့် ချင်းပြည်သူလူထုများအနေဖြင့် လက်ရှိနိုင်ငံရေး အကြပ်အတည်းကာလကို ဖြတ်ကျော်ရန်နှင့် အနာဂတ်ချင်းပြည်သစ် တည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအား ရေးဆွဲရာတွင်ဖြစ်စေ၊ချင်းတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်မူဝါဒများ ချမှတ်ရာတွင်ဖြစ်စေ၊ ပါဝင်သင့်ပါဝင်ထိုက်သည့်ကိုယ်စားပြုများနှင့် ပြည်သူလူထု၏ အမြင်သဘောထားများကို ထည့်သွင်းစဥ်းစားပေးရမည့်အပြင် အထူးသဖြင့် အမျိုးသမီးများ၏ ပါဝင်မူကို အလေးထားသင့်ကြောင်း တိုက်တွန်းထားသည်။

#ချင်း #အခြေခံဥပဒေ #ချင်းပြည်သူလူထု #Chin CivicMovement #Ayeyarwaddy_Times
Boost