
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းမှော် တစ်ခုလုံးကို ထိန်းချုပ်ထားသည့် စစ်ကောင်စီ၏ ခလရ ၄၀၂ ဝှေခါစစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်၊ ဝှေခါရွာရှိ စစ်ကောင်စီ၏ ဝှေခါစခန်းကို ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၇ နာရီ အချိန်ခန့်တွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဝှေခါစစ်စခန်းနှင့် ဖားကန့်မြို့မရဲစခန်းတို့ကို ဇန်နဝါရီ ၆ ရက်နေ့ကလည်း ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ယခုတစ်ကြိမ်တွင် စခန်းကိုအပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
“မနက်က စခန်းကိုသိမ်းနိုင်ခဲ့တယ်။ ကျန်တဲ့ထွက် ပြေးသွားတဲ့သူတွေကို လိုက်ဖမ်းနေတုန်း။ စခန်းရှင်း လင်းရေးလုပ်တာလည်းမပြီးသေးဘူး။ အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ အများကြီးရှင်းရဦးမယ်။ အတိအကျတော့ စာရင်းလုပ်နေတုန်းပဲ”ဟု KPDF တပ်ဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းစစ်စခန်းကို ဇန်နဝါရီ ၁၈ ရက်နေ့ကစတင်၍ ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများပြု လုပ်ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီဗျူဟာကုန်းမှလည်း ၎င်းတို့၏ ဝှေခါစစ်စခန်းသိမ်းဆည်းခံရသည့် အတွက် အဆိုပါစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဝှေခါစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများသည် ဆိုင်းတောင်ရွာဘက်သို့ ဆင်းပြေးသွားကြသည့်အတွက် KIA နှင့်ပူးပေါင်းအဖွဲ့က လိုက်လံရှင်း လင်းလျက်ရှိကြောင်း သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် (ပုံဟောင်း)
#ကချင် #ဖားကန့် #ကျောက်စိမ်းမှော် #ဝှေခါစစ်ကောင်စီစခန်း #တိုက်ခိုက် #KIA #PDF #သိမ်းပိုက် #Ayeyarwaddy_Times