ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်

ကရင်ပြည်နယ်၊ မြဝတီ – ဝေါ်လေ ကားလမ်းမ၊ သုံးထပ်ကွေ့အနီးရှိ တောင်ကြောများပေါ်သို့ နေ့စဉ်ရက်ဆက် ကျူးကျော်ရန် ကြိုးစားနေသော စစ်ကောင်စီတပ်များနှင့် ကော်ဘရာစစ်ကြောင်းတို့ ယမန်နေ့ (ဇူလိုင်၂၈) ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၂)ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကာ ဆုတ်ခွာသွားခဲ့ကြပြီး ကော်ဘရာစစ်သည်တော် တစ်ဦး နိုင်ငံတော်နှင့် ပြည်သူအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရသည်။

ယနေ့ (ဇူလိုင်လ ၂၉) ရက်နေ့ နေ့လည်ပိုင်းတွင်လည်း သုံးထပ်ကွေ့ အနီး သောင်ရင်းမြစ်ဘက် အခြမ်းတွင် နယ်မြေကျူးကျော်ရန် ကြိုးစားနေသော စစ်ကောင်စီနှင့် ကော်ဘရာ စစ်ကြောင်းတို့ နှစ်ဖက် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏ ခမရ(၂) မှ ဗိုလ်ကြီး တစ်ဦးနှင့် အခြားအဆင့်တစ်ဦး သေဆုံးခဲ့ပြီး အခြားအဆင့် (၂)ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ယနေ့တိုက်ပွဲတွက်မူ တိုက်ပွဲဝင် ကော်ဘရာ စစ်သည်တော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ ၁၂၂ မမ ဟောက်ဝစ်ဇာ အ‌မြှောက်လက်နက်ကြီးဖြင့် နေ့စဉ် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ပြည်သူပိုင် မြဝတီ-ဝေါ်လေ လမ်းပိုင်း တစ်နေရာ