
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အနေဖြင့် အိမ်နီးချင်း နိုင်ငံဖြစ်သည့် တရုတ် အစိုးရနှင့် ထိတွေ့ဆက်ဆံနေပြီး ဆက်သွယ်ရေးလမ်းကြောင်း မှန်သမျှအကုန် ဖွင့်ထားကြောင်း NUG ထံက သိရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အပြန်အလှန် လေးစားသည့် ချစ်ကြည်ရေးတစ်ခု အခိုင်အမာ တည်ဆောက်ရန်အတွက် NUG တွင် မူဝါဒထားရှိပြီး တက်ကြွ၊ လွတ်လပ်၊ ဘက်မလိုက်သော နိုင်ငံရေးမူဝါဒကျင့်သုံး၍ တရုတ်အပါအဝင် နိုင်ငံတကာနှင့်ဆက်ဆံ နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိ ဦးကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
” ကျွန်တော်တို့အစိုးရက တရုတ်နိုင်ငံနဲ့ ဆက်သွယ်ရေးလမ်းကြောင်း အကုန်ဖွင့် ထားပါ တယ်။ ကျွန်တော်တို့နဲ့ ဆက်သွယ်ရေးလမ်းကြောင်း ရှိတယ်ဆိုတာ ပြောကြားလို့ လည်း ရပါတယ်။ ဒါပေမယ့် ဘယ်လိုမျိုးဆိုတာတော့ ကျွန်တော်အနေနဲ့ အတိအကျမပြောနိုင် တာကို နားလည်စေချင်ပါတယ်။ ကျွန်တော်တို့မှာ ဆက်သွယ်ရေးလမ်းကြောင်း ရှိပါ တယ်။ ထိတွေ့ဆက်ဆံနေတာတွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်က တရုတ် နိုင်ငံဆိုင်ရာ သဘောထားနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ ရင်းနှီးမြုပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်း ကာကွယ် ပေးသွားမည်ဆိုသော အချက်အပါအဝင် အချက် (၁၀) ချက် ထည့်သွင်း ဖော်ပြခဲ့သည်။
တရုတ်နှင့်မြန်မာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းရေးကို မျှော်ရည်လျှက် ယခုကဲ့သို့ ထိန်းသိမ်းကာကွယ် ပေးသွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်က နှစ်နိုင်ငံနယ်နိမိတ်သတ်မှတ်မှု စာချုပ်များအပါအ၀င် နှစ်နိုင်ငံကြား သဘော တူချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကိုလည်း တာ၀န်ယူ ဆက်ခံသွားမည်ဟု NUG က ဆိုထားသည်။
ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်အားဖြင့် ကီလိုမီတာ ၂၀၀၀ ကျော် ထိစပ်လျက်ရှိပြီး ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲ နေထိုင်သွားရမည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား စစ်မှန်သော “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ပြီး “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို ဆက်လက် ထောက်ခံ ကျင့်သုံးမည်ဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
မြန်မာပြည်တွင် စစ်အာဏာရှင် ရှိနေသရွေ့ အကြမ်းဖက်မှုများ ရှိနေပြီး ဒေသတွင်း နိုင်ငံများပါ မတည်ငြိမ်အောင် ၎င်းတို့က လုပ်ဆောင်နေခြင်းကြောင့် ပြည်သူလူထု၏ နွေဦးတော်လှန်ရေးကို တရုတ်နိုင်ငံအနေဖြင့် နားလည်သဘောပေါက်ရန် မျှော်လင့်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိ ဦးကျော်ဇောက ဆိုသည်။
“အဲဒီအတွက်ကို တရုတ်နိုင်ငံအနေနဲ့ကလည်း နားလည်ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း၊ ပြည်သူလူထု ဆန္ဒနဲ့ ထင်ဟပ်တဲ့ ဆက်ဆံရေး ဖြစ်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အမြဲတမ်း ပြောဆိုနေ တယ်ဆိုတာ ပြောကြားချင်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။
ယာယီသမ္မတ ဒူဝါလရှီးလက ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့က ပြုလုပ်သည့် NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် အိမ်နီးချင်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ သဘောထားများသည် ပြည်တွင်းရေး အခြေအနေများအပေါ် လွှမ်းမိုး မှုရှိသည်ကို တွေ့ရှိရပြီး NUG အနေဖြင့် တက်ကြွ၊ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသကဲ့သို့ လက်တွေ့ကျသည့် နိုင်ငံခြားရေးသဘောထားကိုလည်း ချမှတ်ထား ကြောင်း ပြောကြားခဲ့သည်။
NUG အနေဖြင့် ဒေသတွင်း နိုင်ငံကြီးများ၏ နောက်မြီးဆွဲဖြစ်၍ မရသလို ကမ္ဘာ့ အင်အားကြီး နိုင်ငံများ၏ နောက်လိုက်လည်း ဖြစ်လို့မရကြောင်း၊ ကိုယ့်မူ၊ ကိုယ့်ဟန်နှင့် ခိုင်ခိုင်ကြည်ကြည် ရပ်တည်လျှောက်လှမ်းရန် လိုအပ်သော်လည်း ခေတ်သစ်နိုင်ငံတကာ နိုင်ငံရေးဇာတ်ခုံတွင် တစ်ကိုယ်တည်း၊ တစ်ထီးတည်း နေလို့မရကြောင်း ယာယီသမ္မတက ဆက်လက်ပြောကြားသည်။
“အားလုံးဟာ အပြန်အလှန် အမှီသဟဲပြုပြီး ရှင်သန်ပေါင်းစည်းနေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ နိုင်ငံရေး ဇာတ်ခုံမှာ နိုင်ငံရေးအစွန်းတွေကို သတိထား ရှောင်ကြဉ်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ တစ်ဖက်မှာလည်း ပြည်တွင်းက ပြည်သူလူထုရဲ့ သဘောထားနဲ့ ဆန့်ကျင်ဘက်မဖြစ်တဲ့ အမြင်သဘောထားတွေကို ကိုင်ဆွဲကျင့်သုံးဖို့ လိုပါတယ်။ ပြည်တွင်းက တော်လှန်ရေးဒီရေဟာ ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အလှည့်အပြောင်းတွေကြားမှာ အနိမ့်အမြင့် အတက်အကျ ရှိတတ်ပါတယ်။ ဘယ်လိုပဲ ရှိသည်ဖြစ်စေ၊ ကျွန်တော်တို့ဟာ ဦးတည်ချက်ကို မျက်ခြေပြတ်လို့ မရပါဘူး” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။
တရုတ်အစိုးရအနေဖြင့် မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ အာဏာသိမ်း စစ်ကောင်စီကို တိုက်ရိုက်ဆက်ဆံနေပြီး NUG ကိုမူ လျှို့ဝှက်ဆက်ဆံခြင်းမျိုး ရှိနိုင် ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“စစ်ကောင်စီကိုတော့ တရုတ်အနေနဲ့ တရားဝင် အစိုးရတစ်ရပ်အနေနဲ့ သဘောထား မှာပဲလေ။ အဲဒီတော့ ပြောစရာရှိရင် သူ့ကိုပဲ တိုက်ရိုက်ပြောပြီးတော့ သူနဲ့ပဲ ဆက်ဆံဖို့ လုပ်မှာပဲ။ စစ်ကောင်စီကတော့ သူဆက်ဆံရေး မပျက်အောင် ဆက်ဆံမယ်ထင်တယ်။ NUG ကတော့ သူလျှို့ဝှက်ပြီး ဆက်ဆံတာ ဖြစ်ချင်ဖြစ်မယ်၊ တိုက်ရိုက်ဆက်ဆံတာတော့ သိပ်မတွေ့သေးဘူးဗျ။ အဲဒီတော့ စစ်ကောင်စီနဲ့ NUG ကို ဆက်ဆံတာ သီးခြားခွဲထားမှာပဲနော်။ စစ်ကောင်စီကတော့ မြန်မာပြည်ရဲ့ အဓိကအာဏာကိုင်ထားတဲ့ အစိုးရတစ်ရပ်ပေါ့၊ De Facto government ပေါ့။ အဲဒီအတွက် သူက လိုအပ်တွေဘာတွေ စစ်ကောင်စီနဲ့ပဲ ဆက်ဆံမှာပဲ။ NUG ကိုတော့ လောလောဆယ် သိပ်ဆက်ဆံ ဦးမှာ မဟုတ်ဘူး။ လျှို့ဝှက်တော့ ဆက်ဆံမယ်။ ဒေါ်ဇင်မာအောင် (NUG နိုင်ငံခြားရေးဝန်ကြီး) ပြောသလို Silent diplomacy တွေဘာတွေ ရှိသလားတော့ မပြောတတ်ဘူးပေါ့ဗျာ” ဟု ဒေါက်တာလှကျော်ဇော က ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံ ကျင့်သုံးမည်ဟု NUG နှင့် စစ်ကောင်စီတို့က တရားဝင်ထုတ်ပြန် ပြောဆိုခဲ့ပြီးနောက် လက်ရှိဖြစ်ပေါ်နေသော ထိုင်ဝမ်အရေးကိစ္စအပါအဝင် တရုတ်အစိုးရ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဝေဖန်မှုများ မြှင့်တက်လျက်ရှိကြောင်း သိရသည်။
ပုံစာ-တရုတ်သမ္မတ ရှီကျင်းဖျင်သည် NLD အရပ်သားအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသို့လာရောက်စဉ်
#NUG #တရုတ်နှင့်ထိတွေ့ဆက်ဆံ #ဆက်သွယ်ရေးလမ်းကြောင်း #အကုန်ဖွင့် #Ayeyarwaddy_Times