
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်ကြောအနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဥ်ဖြင့် သုံးရက်ဆက်တိုက် ဗုံးကြဲမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၄ နာရီကျော်က စတင်၍ လေယာဥ်ဖြင့်ဗုံးကြဲခဲ့ပြီး ယမန်နေ့ ဇန်နဝါရီ ၁၈ ရက်နေ့ ည ၈ နာရီကျော်အထိ သုံးရက်ဆက်တိုက် ဗုံးကြဲမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ အသံက အရမ်းကျယ်တယ် ထိုင်းဘက်အခြမ်းကတောင်ကြားရတယ်။ မြေကြီးပါ တုန်သွားတယ်။ စစ်တပ်က တိုက်ပွဲတွေမရှိဘဲနဲ့ လေကြောင်းကနေ ဗုံကြဲတာတွေ တကြော့ပြန်လုပ်နေတာ။ မြေပြင်ထိခိုက်မှု အခြေနေတော့မသိရသေးဘူး” ဟု ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် လက်ခတ်တောင်ကြောအနီးတဝိုက်ကို ဇန်နဝါရီ ၁၆ ရက်နေ ညနေ ၄ နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံး နှစ်လုံး ကြဲချခဲ့ပြီး ဇန်နဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်တွင် ထပ်မံ၍ နှစ်ကြိမ် ဗုံးကြဲခဲ့ကာ ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီကျော်တွင်လည်း နှစ်ကြိမ် ဗုံးကြဲခဲ့ကြောင်း မြ၀တီမြို့တွင် နေထိုင်သူ ဒေသခံများထံက သိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကျောက်ခက်ကျေးရွာတွင်လုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်း အပါအဝင် လောင်းကစားဝိုင်းများကို ထိုင်းဘက်အခြမ်းမှတာဝန်ရှိသူများက လမ်းကြောင်းများ ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်း အဖွဲ့များမှ ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ထိုသို့ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ်အတွင်း ထိုင်းမြန်မာနယ်စပ် မြဝတီမြို့အနီးရှိ လက်ခက်တောင်ကြေားစခန်းအနီးတဝိုက်ကို လေကြောင်းမှ ဗုံးကြဲမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ- KNLA နှင့် ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသည့် စစ်ကောင်စီ၏ လက်ခတ်တောင်ကုန်း စခန်းအားတွေ့ရစဉ် (ပုံဟောင်း)
#စစ်ကောင်စီ #လက်ခတ်တောင်ကြောအနီးတဝိုက် #လေယာဉ်ဖြင့်၃ရက်ဆက်တိုက်ဗုံးကြဲ #Ayeyarwaddy_Times