
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် မဲဇလီရွာတွင် ယနေ့ ဇန်နဝါရီလ ၁၉ ရက်နံနက်ပိုင်းက ဒေသခံ လူငယ်အမျိုးသား နှစ်ဦးကို တော်လှန်ရေးအဖွဲ့များနှင့် ဆက်သွယ်သည်ဟုအကြောင်းပြ၍ စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
ယနေ့ နံနက် ၈နာရီဝန်းကျင်တွင် အသက် ၂ ၂ နှစ်အရွယ် ရှိ ဒေသခံလူငယ် အမျိုး သားတစ်ဦးနှင့် အသက် ၂၅နှစ်အရွယ် လူငယ် အမျိုးသားတစ်ဦးတို့ကို တော်လှန်ရေးအဖွဲ့များနှင့် ဆက်သွယ်သည်ဟုဆိုကာ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က နေအိမ်သို့လာရောက်၍ ဖမ်းဆီးသွားခဲ့ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုနှင့် နီးစပ်သူများထံကသိရသည်။
“နံနက် စောစောရွာထဲကို စစ်တပ်တွေရဲတွေဝင်လာတယ်။ အုပ်ကြီးအိမ်ကိုအရင်ဝင်တာ။ နောက်မှ အိမ်ကိုသွားဖမ်းကြတာ။ ရဲစခန်းကိုခေါ်သွားတယ်လို့သိရတယ်”ဟု ဖမ်းဆီးခံရသူ၏မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် ဒေသခံ လူငယ်အမျိုးသားနှစ်ဦးကို အင်္ဂပူမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဃ)ဖြင့် တရားစွဲဆို အမှုဖွင့်ထားကြောင်း ရဲစခန်းနှင့် နီးစပ်သူများထံကသိရသည်။
ထို့အပြင်စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ဒေသခံလူငယ်အချို့ကို ဖမ်းဆီးခဲ့ပြီးနောက် နံနက် ၁၁ နာရီမှ ညနေ ၃နာရီအထိ မဲဇလီ -ကွင်းကောက်လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများ၏ လက်ကိုင်ဖုန်းများကို တောင်းယူ၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
အင်္ဂပူမြို့နယ်တွင် ဇန်နဝါရီလ ပထမအပတ်ကစပြီး တော်လှန်ရေး အင်အားစုများ ရောက်ရှိနေသည်ဟုဆိုကာ ရွာစဉ်လိုက်စစ်ကြောင်းပုံစံ ကင်းလှည့်စစ်ဆေးမှုများပြုလုပ်ကြောင်း သိရသည်။
#အင်္ဂပူမြို့နယ်# မဲဇလီကျေးရွာ #လူငယ်၂ဦး #စစ်ကောင်စီတပ်မှဖမ်းဆီး #အကြမ်းဖက်ပုဒ်မ #Ayeyarwaddy_Times