နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်

အာဏာသိမ်းကာလ သုံးနှစ်နီးပါး ရောက်ရှိလာချိန်တွင် ဘက်ပေါင်းစုံ အရေးနိမ့်လာသည့် စစ်ရှုံးစစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်ရလယစေရန် ၎င်းတို့ ယခင်ခေတ် အဆက်ဆက်ပြုလုပ်နေကျ ဘာသာရေးပဋိပက္ခများ ပုံဖော်ဖန်တီးလာကြောင်း သိရသည်။

ထို့အပြင် တစ်ဖက်တွင်လည်း ဘာသာရေးကိုခုတုံးလုပ်၍ ၎င်းတို့အင်အား ပြန်လည်ဖြည့်တင်းနိုင်ရန် သွေးထိုးနှိုးဆော် စည်းရုံးခြင်းမျိုးဖြစ်ကြောင်း ဘာသာရေး ခေါင်းဆောင်များနှင့် တပ်မတော်သား (CDM) အရာရှိတို့က ထောက်ပြပြောဆိုသည်။

“စစ်ကောင်စီဟာ အဖက်ဖက်မှာ အရေးနိမ့်လာတဲ့အခါမှာ ဘာသာရေး ပဋိအက္ခတွေကို ဖန်တီးလာတယ်။ နိုင်ငံရေးထွက်ပေါက် တစ်ခုအနေနဲ့ ရှမ်းမြောက်မှာဖြစ်တဲ့ အခြေအနေ မျိုးကို ဆန္ဒပြတာတွေ၊ ဘာသာကို ပြိုပျက်ဖို့ ကျန်တာတွေ ဒါတွေလုပ်ဆောင် လာတယ်။ သူ့မှာက အခြားထွက်ပေါက်က ခက်ခဲလာတယ်။ ဒါကို အားတစ်ခု၊ ဒေါက်တစ်ခုအနေနဲ့ ထပ်ယူတာပေါ့” ဟု နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော် ဦးဝါယမက ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကိုးကန့်တပ်မတော်(MNDAA) စစ်ဝတ်စုံဝတ်ထားသော လူငယ်တစ်ဦးက ဗုဒ္ဓဘာသာ စေတီတစ်ဆူကို ဖျက်ဆီးနေသည့် ရုပ်သံဖိုင်တစ်ခု ဆိုရှယ်မီဒီယာတွင် ထွက်ပေါ်လာခဲ့သည်ကို အကြောင်းပြု၍ စစ်ကောင်စီက ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံအနှံ့ လှုံ့ဆော် ဆန္ဒပြမှုများ ဖန်တီးလာသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် ၎င်းတို့အား ထောက်ခံသူများနှင့် ဘာသာရေးအစွန်းရောက် ဘုန်းကြီးများကို ထိုကဲ့သို့ လုပ်ဆောင်ရန် အမိန့်ပေးခိုင်းစေခဲ့ပြီး ထိုသူတို့က ငွေကြေးပေး၍ ဆန္ဒပြပွဲများ ပြုလုပ်ရာတွင် ဒေသခံများ၊ စစ်ဘေးရှောင် ပြည်သူများကို ဖိအားပေး ခြိမ်းခြောက်ပါဝင်ခိုင်းသည့်အပြင် အိမ်ခြေမဲ့များ နှင့် သူတောင်းစားများကိုပါ ပါဝင်စေခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

“ဘာသာရေးအသိပညာ၊ တစ်နည်းပြောရရင် အကြောင်းအကျိုးပေါ်မှာ အခြေခံတဲ့ အသိပညာတွေဟာ အကုန်လုံးနားကို မရောက်နိုင်ဘူး။ စားဝတ်နေရေး၊ လူမှုရေး အခက်အခဲတွေကြောင့် မလေ့လာနိုင်၊ မကြားနိုင်တဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာ အခြေခံ တွေကို စည်းရုံးလို့ ရနိုင်တယ်ဆိုတဲ့ အတွေးမျိုးပေါ့” ဟု ဆရာတော် ဦးဝါယမက မိန့်သည်။

ထို့အပြင် စစ်ကောင်စီအလိုကျ ၎င်းတို့ လက်ကိုင်တုတ်များဖြစ်သည့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA(ဗဟို)အပါအဝင် အဖွဲ့အစည်း (၂၀)ဖွဲ့ကလည်း ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ်ရာ ဘာသာ၊ သာသနာကို ယုတ်မာရိုင်းစိုင်းစွာ စော်ကားဖျက်ဆီးနေသော လုပ်ရပ်များသည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိသည့် အတွက် ကန့်ကွက်ရှုတ်ချသည်ဟု အသီးသီး ထုတ်ပြန်လာသည်။

ထိုအဖွဲ့အစည်းများမှာ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်း တော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်း အသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေး ရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်း ရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တော ဒေသဖွံ့ဖြိုး ရေးအသင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြန် မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ဟာသ ပညာရှင်များ အစည်းအရုံးနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းတို့ ဖြစ်သည်။

“စစ်တပ်ရဲ့ မူဝါဒကိုပဲ ဘယ်လိုလည်းဆိုတော့ သူတို့က အမျိုးဘာသာ သာသနာကို စောင့်ရှောက်နေတာ။ စစ်တပ်သာမရှိဘူးဆိုရင် စစ်တပ်သာ ပြိုလဲသွားမယ်ဆိုရင် ဘာသာတွေလည်း ပျောက်မယ်။ ဘာသာရေးနဲ့ ပတ်သက် တဲ့ သာသနာ့အမွေခံ၊ ဘာသာရေး အမွေခံ၊ ယဉ်ကျေးမှု အမွေအနှစ်တွေပါ ပျောက်မယ်ဆိုတဲ့ brainwash က အောက်ခြေငယ်သားတွေနဲ့ သူတို့ရဲ့ စည်းရုံးရေး နယ်မြေတွေထဲမှာ လုပ်ကိုင်ထားခြင်း ဖြစ်ပါတယ်။ အဲ့ဒီလို ရိုက်သွင်းထားတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ယခုကဲ့သို့ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်စေရန် ဖန်တီးနေသော်လည်း ၎င်းတို့ကိုယ်တိုင်ကမူ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘာသာရေးအဆောက် အအုံများ၊ အစ္စလာမ်ဘာသာရေးအဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်ကြာကာလအတွင်း ဘာသာရေးအဆောက်အအုံ ၂၀၀ နီးပါး ဖျက်ဆီးခံခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် ICJ အစီရင်ခံစာအရ သိရသည်။

“ကမ္ဘာ့အမွေအနှစ်ရှိတဲ့ မြောက်ဦးတောင်မှပဲ စစ်တပ်ရဲ့ လက်ချက်နဲ့ပဲ ပျက်စီးသွား တာတွေက အများကြီးတွေ့ရတယ်။ တကယ်တမ်းတော့ သူတို့က ဘာသာရေးကိုသာ ခုတုံးလုပ်တာ သူတို့တပ်စွဲရင် ဘုရားစေတီ၊ ဘုန်းကြီး ကျောင်းတွေပဲ များတယ်။ တစ်ဖက်ကပစ်ရင် ဘုရားနယ်မြေထဲကို ပစ်တယ်၊ ဘုန်းကြီးကျောင်း နယ်မြေထဲကို ပစ်တယ်ဆိုပြီး အမြဲစွပ်စွဲလေ့ရှိတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

နိုင်ငံရေး၊ စစ်ရေးနှင့် နိုင်ငံတကာ အရေးများတွင် အလဲလဲအပြိုပြို ဖြစ်နေသည့် စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက် မရှုမလှဖြစ်နေသည့် ၎င်းတို့၏အခြေအနေကို အသက်ရှုပေါက် အနည်းငယ်ရစေရန် ဘာသာရေးကိုအသုံးချ လုပ်ဆောင်လာ ခြင်းဖြစ်ကြောင်း အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးစိုးနေဦး (Burma Human right Network)က ပြောကြားသည်။
“ကျွန်တော်တို့ စစ်ကိုင်းမှာဆိုရင် ထူပါရုံဘုရားဆိုတာရှိတယ်။ အဲ့ထူပါရုံဘုရားရဲ့ ဘေးတည့်တည့်မှာ ကြံ့ခိုင်ရေးရုံးရှိတယ်။ အဲဒီကြံ့ခိုင်ရေးရုံး ဆောက်တုန်းက မှတ်မှတ်ရရ ဘုရားနှစ်ဆူလောက်ကို ဖျက်စီးပြီးမှ ကြံ့ခိုင်ရေးရုံးကို ဆောက်တာ ဆိုတော့ MMDA ရဲ့ လုပ်ရပ်ဟာ ဒီစစ်တပ်က ကြံ့ဖွတ်လုပ်ရပ်လောက်တော့ ရုပ်စိုး အကျည်းမတန်ဘူး။ ဒါမျိုးအဖြစ်အပျက်တွေက အများကြီးရှိပါတယ်” ဟု အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးစိုးနေဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ၎င်းတို့အား ထောက်ခံသော ဘာသာရေး အစွန်းရောက်များကို ဆန္ဒပြပွဲများ ပြုလုပ်ရန် အမိန့်ပေးခိုင်းစေရုံသာမက လက်နက် ကိုင်ခွင့်လည်း တရားဝင်ခွင့်ပြုခဲ့ပြီး လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် အတွေးအခေါ်များအား အခြေပြု၍ လက်နက်ကိုင်တပ်ဖွဲ့များပါ တည်ထောင်လာခဲ့သည်။

ထို့အပြင် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သူများကို အကြမ်းဖက်သူများ၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးသူများ၊ နိုင်ငံပြိုကွဲအောင် လုပ်ဆောင်သူများအဖြစ် ပုံဖော်ကာ စစ်တပ်ဒေါက်တိုင် လက်နက်ကိုင်တပ်များကိုမူနိုင်ငံနှင့် အမျိုးဘာသာသာသနာကို စောင့်ရှောက်သူများ၊ ဒေသတွင်း ငြိမ်းချမ်းရေးကို ကာကွယ်သူများအဖြစ် ဇာတ်ကြောင်း ဖန်တီးပုံဖော်ထားကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က စာတမ်းတစ်ခုတွင် ဖော်ပြထားသည်။

“စစ်တပ်က ဘာသာရေး ကိုင်းရှိုင်းတယ်ဆိုတာ သူလိုတဲ့အချိန်မှ ကိုင်းရှိုင်းတာပါ။ သူမလိုတော့ဘူးဆို ၂၀၀၇ ရွှေဝါရောင်မှာ ဘုရားသားတော်တွေကို စစ်ဖိနပ်နဲ့ ကန်ခဲ့တာပဲ။ ထောင်ထဲ အကျဉ်းချခဲ့တာပဲ။ ထို့နည်းတူပဲ ၉၇ ခုနှစ် မန္တလေးပဋိပက္ခမှာလည်း လေးပြင်လေးရပ်က တက်ကြွလှုပ်ရှားတဲ့ ဘုန်းတော်ကြီးတွေ၊ ရဟန်းတွေအကုန်လုံးကို ထောင်သွင်းအကျဉ်းချပြီးတော့ မတရားသဖြင့် နှိပ်စက်ညှင်းပန်းခဲ့တာလဲ ဒီလူတွေပါပဲ။ အမှန်တစ်ကယ် ကိုင်းရှိုင်းတာ၊ လိုက်နာကျင့်သုံးတာမျိုးတွေ မရှိပါဘူး” ဟု Burma Human right Network မှ ဦးစိုးနေဦးက ဆိုသည်။

စစ်ကောင်စီက ဘာသာရေးကို နောက်ဆုံးလက်နက်အဖြစ် ထုတ်သုံးလာခြင်းအပေါ် ပြည်သူလူထုအနေဖြင့် ရှင်းရှင်းလင်းလင်း နားလည်သိရှိထားရန် လိုအပ်ပြီး ပြည်သူ လူထုသည် လုံးဝအရေးကြီးသော အနေအထားတွင် ရှိနေကြောင်း တပ်မတော်သား CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။

“ဘာလို့ဆိုတော့ သူတို့မှာ တပ်တွင်းရော၊ တပ်ပြင်မှာပါ ထောက်ခံမှု မရှိသလောက် ဖြစ်နေတယ်။ အဲဒီလို အနေအထားမှာ ဘာသာရေး စစ်ပွဲပုံစံမျိုး ဖော်ဆောင်လာတာပေါ့။ ဒီလိုပုံစံမျိုးကို ပြည်သူတွေ လက်ခံထားမယ်။ ယုံကြည်သွားမယ်ဆိုရင် ဒီစစ်ပွဲက ပိုပြီး ရှည်လျားသွားနိုင်တယ်။ ဘာလို့ဆို ဘာသာရေးနဲ့ အခြေခံတဲ့ စစ်ပွဲတွေက ပြီးဆုံး တယ်လို့လည်း မရှိဘူး” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

ပုံစာ- ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာမသိမ်းမီ ၁ ရက်အလိုက ရန်ကုန်မြို့ ကြေးသွန်းဘုရားရှေ့တွင် ဆန္ဒပြခဲ့ကြသည့် မဘသနှင့်တပ်ထောက်ခံသူများ (ပုံဟောင်း)

#စစ်ရှုံးစစ်ကောင်စီ #နိုင်ငံရေးထွက်ပေါက် #ဘာသာရေးပဋိပက္ခများ #ဖန်တီးလုပ်ဆောင် #Ayeyarwaddy_Times