
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် မတူပီမြို့နယ်ရှိ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီနယ်မြေအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့မှ ဖွဲ့စည်းခြင်း၊ ဝင်ရောက်သွားလာလှုပ်ရှားခြင်း မပြုလုပ်ရန် Maraland Defense Force (MDF)က ဇန်နဝါရီ ၁၈ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီနှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့မှ မလိုလားအပ်သည့် ပြဿနာများကို မဖြစ်ပွားစေလိုသောကြောင့် အကြိမ်ကြိမ် သတိပေးထုတ်ပြန်ခဲ့သော်လည်း မရာနယ်မြေအတွင်း ကြိုတင်အသိပေးခြင်းမရှိဘဲ ဝင်ရောက်လှုပ်ရှားခြင်း၊ တပ်စွဲခြင်းများ၊ သစ်ထုတ်ခြင်းနှင့် ကျေးရွာနေ ပြည်သူများအား မောင်းထုတ်ခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။
“အဓိကကတော့ ကျနော်တို့မရာနယ်ဟာ လက်နက်ကိုင်အဖွဲ့များဖြတ် သွားဖြတ်လာများတဲ့ နေရာစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်ကျော်က မရာနယ်မြေအတွင်း စပေါ်ရွာရှိ မရာဧဝံကေလိ အသင်းတော်ရှိတဲ့ အိမ်ခြေ ၄၆ ခု လူဉီးရေ ၂၀၀ လောက်ကို CDF(လောက်တူ) မှမောင်းထုတ်ပြီး ယနေ့ထိကျူးကျော်တပ်စွဲနေတာရှိတယ်။ ဒါ့အပြင် ပလက်ဝမြို့နယ် Ralie khi (ခေါ်) ရွှေလိုက်ဝရွာဘက်မှာ CDF(ပလက်ဝ) တပ်စွဲထားပြီး အဲ့ဒီနယ်က သစ်တွေဆွဲပြီး အိန္ဒယ ဘက်ကို ရောင်စားတာတွေ ရှိတယ်။”ဟု Maraland Defense Force(MDF)မှ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီနှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၏ တောင်းဆိုချက်များကို CDF ပလက်ဝမှ အလေးနက်ထားပြီး ပြောင်းရွှေ့မည်ဖြစ်ကြောင်းနှင့် မည်သည့်လက်နက်ကိုင် အဖွဲ့စည်းမဆို ဖြတ်သန်းသွားသည့်ခါ ပြည်သူများ၏ တောင်းဆိုချက်နှင့် လုံခြုံရေးအရ လက်နက်ကိုင်အချင်းချင်း ထိတွေ့ပစ်ခတ်မူမရှိအောင် သက်ဆိုရာ တာဝန်ရှိသူများထံ အသိပေးစေချင်ခြင်းကြောင်း ၎င်းကပြောသည်။
မရာနယ်မြေအတွင်း ရွှေလိုင်ဝကျေးရွာတွင် တပ်စွဲထားကာ သစ်များထုတ်ပြီး တစ်ဖက်နိုင်ငံ အိန္ဒိယဘက်သ်ို့ ရောင်းချခြင်းမရှိကြောင်း CDF(ပလက်ဝ)၏ ဒုတပ်မဟာမှူး လင်းဒိုက်က ဧရာဝတီတိုင်းကို ပြောသည်။
” ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ် ကတည်းက အဲ့ဒီ ကျေးရွာနယ်မြေမှာရှိတဲ့ ပြည်သူတွေဟာ ကိုယ်ကျိုးအတွက် သစ်တွေခုတ်ထုတ်ပြီး ရောင်းချတာတွေရှိတယ်။ ကျွန်တော်တို့ဘက်ကနေပြီးတော့ ကိုယ်ကျိုးအတွက် သစ်ထုတ်တဲ့ လူတွေက်ို တားဆီးတာလုပ်တယ်။ စာသင်ကျောင်း၊ ဘုရားကျောင်း၊ တခြား ပုဂ္ဂလိက အဆောင်အဦး ဆောက်မယ့်ဆို ခွင့်ပြုပေးတယ်။ ကျွန်တော်တို့ဘက်က သစ်ထုတ်၊ ရောင်းချတာတွေက မရှိဘူး။” ဟု ဆိုသည်။
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီနယ်မြေနှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့သည် ပလက်ဝမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် မတူပီမြို့နယ်ရှိ မရာကျေးရွာ (၄၉)ရွာမှ မရာ(ချင်း)မျိုးနွယ်စုများက ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့အပြင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့(MDF)သည် ရက္ခိုင့်တပ်တော်(AA)နှင့် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းသိမ်းတိုက်ပွဲတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သ်ိရှိရသည်။
ဓာတ်ပုံ- မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ
#ပလက်ဝမြို့နယ် #ထန်တလန်မြို့နယ် #မတူပီမြို့နယ် #MaralandDefenseForce(MDF) #CDF #Ayeyarwaddy_Times