
ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်နေ့
စစ်ကိုင်းတိုင်း၊ကလေးမြို့တွင် ဇန်နဝါရီလ ၁၈ရက်နေ့ ည ၇နာရီခန့် က စစ်ကောင်စီ
တပ်၏ ပစ်ခတ်မှုကြောင့်အသက် ခုနှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
ဇန်နဝါရီလ ၁၈ရက်နေ့ ည ၇နာရီဝန်းကျင်တွင်ဆိုင်ကယ်ဆိုက်တွဲဖြင့်ပြန်လာသော ဦးပေါင်ဒိတ်မုန်တို့ သားအဖ နှစ်ဦးကို သဇင်ရပ်ကွက်၊ကညနရုံးနှင့်ခရိုင်ရုံးအနီး ဘူတာရုံနှင့်မလှမ်းမကမ်း ဘောလုံးကွင်းနားတွင်ဂိတ်ချထားသော စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်ရာ သမီးဖြစ်သူ မလွန်ရှမ်းကျိန်ကို ထိမှန်၍ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။
“ပုံမှန်ဆိုရင် ဗိုလ်ချုပ်လမ်းဖက်မှာ စစ်တပ်ဂိတ်တွေအရမ်း စစ်ဆေးရေးကြမ်းလို့ အဲ့ဒီ ကားကြီးကွင်းနောက်ဖက် ကညနရုံးကနေရှောင်ကွင်းပြီးသွားကြတာများတယ်။ အခုလည်းအဲ့လိုရှောင်ကွင်းရင်းနဲ့မှ တည့်တည့်သွားတိုးမိတာ
ဖြစ်မယ်” ဟု နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သေနတ်ထိမှန်ဒဏ်ရာကြောင့် မလွန်ရှမ်းကျိန်၏ ရင်အုံပေါက်ထွက်သွားပြီး အရပ်ဖက်ဆေးရုံသို့ သွားပြချိန် လက်မခံသဖြင့် ကလေးမြို့ ကုတင်၁၀၀စစ်ဆေးရုံသို့ ခေါ်သွားပြီးဆေးကုသရာ ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။
မလွန်ရှမ်းကျိန်၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၀ရက်နေ့ နံနက် ၉နာရီတွင် ခရစ်ယာန်ထုံးတမ်းအစဥ်အလာအတိုင်း သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ကလေးမြို့တွင်း၌ စစ်ဆေးရေး ပိုမိုတင်းကြပ်လာပြီး လမ်းသွားလမ်းလာများကိုလည်း အကြောင်းအမျိုးမျိုးပြငွေကြေးတောင်းခံကာ မသင်္ကာလျှင် အစစ်ဆေးအမေးမြန်းမရှိ ပစ်ခတ်လေ့ရှိရာ ၂၀၂၃ ဒီဇင်ဘာလက ကလေးမြို့လမ်းဆုံအနီးတွင် ပစ်ခတ်ခဲ့သည့်အတွက် အမျိုးသားတစ်ဦးသေဆုံးခဲ့၍ ကလေးငယ်တစ်ဦးအပါ အရပ်သား နှစ်ဦး
ထိခိုက်ဒဏ်ရာရခဲ့သည်။
ဓာတ်ပုံ – စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မလွန်ရှမ်းကျိန်(၇နှစ်)
#အရပ်သားသေဆုံး #ကလေးငယ် #ကလေးမြို့ #စစ်ကိုင်း #စစ်ကောင်စီ #Ayeyarwaddy_Times