
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်
ဧရာ၀တီတိုင်း မအူပင်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများကို လုံခြုံရေးအကြောင်းပြ၍ ဝန်ထမ်းများက လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုနှင့် ဖိနှိပ်မှုများကို ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှသတင်းထုတ်ပြန်သည်။
နိုင်ငံရေးအကျဉ်းသူများ တရားရုံးထွက်ချိန်နှင့် ရုံးပြန်လာချိန်တွင် ဝတ်ထားသည့် အင်္ကျီများ၊ထမီများနှင့် အတွင်းခံများကို ချွတ်ခိုင်း၍ အဝတ်ဗလာမဲ့ထားကာ ရှာဖွေမှုများကိုပြုလုပ်နေကြောင်း သိရှိရသည်။
“နိုင်ကျဥ်းအမျိုးသမီးတွေက စစ်ကြောရေးမှာကတည်းက လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေခံရတာပါ။ အချို့မိန်းကလေးတွေဆို ဖုန်းထဲကကိုယ်ရေးကိုယ်တာကိစ္စတွေကို ရဲတွေက ယူပြီးအပြင်ကိုရောင်းစားတာတွေရှိတယ်။ မအူပင်ထောင်မှာ ရုံးထုတ်တိုင်း အသွားအပြန် အပြင်ကို ထောင်တွင်းကိစ္စ စာတွေဖွက်ပြီး ပို့တယ်ဆိုပြီး ထောင်ဘူး၀မှာ ထောင်မှူးမတွေကလူမြင်ကွင်းမှာတင် အတွင်းကို လက်နဲ့နိူက်ပြီးစစ်ဆေးတာ ခံရတယ်။ လက်မခံရင်လဲ ဆဲဆိုရိုက်နှက်တာတွေလုပ်ခံရတာ”ဟု မအူပင်ထောင်မှ ပြန်လည်လွတ်မြောက်လာသူအမျိုးသမီးတစ်ဦးက ဧရာ၀တိီတိုင်းမ်ကို ပြောသည်။
လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုနှင့် ဖိနှိပ်မှုများကို မအူပင်အကျဥ်းထောင်မှ အမျိုးသမီးအဆောင်မှုး ထောင်မှူးအဆင့်ရှိ ဒေါ်မေဇင်ထွန်းဦးဆောင်ပြီး အကျဉ်းထောင်ဝန်ထမ်းအမျိုးသမီးများက နိုင်ငံရေးအကျဥ်းသူများအပေါ် ကျူးလွန်နေကြောင်းသည်ဟု ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)အနေဖြင့်မအူပင်အကျဥ်းထောင်တွင် နိုင်ကျဥ်းအမျိုးသမီးများအပေါ် လူအခွင့်ရေး ချိုးဖောက်မှုများနှင့်လိင်ပိုင်းဆိုင်ရာအရှက်ရစေရန် နှောက်ယှက်ခြင်းများအတွက် စေခိုင်းသူများ၊ပါဝင်ပတ်သက်သူများနှင့် ကျူးလွန်သူများကို အကူးအပြောင်းကာလ တရားမျှတမှု ဖော်ဆောင်ရာတွင် ကျူးလွန်ခံခဲ့ကြရသည့် အမျိုးသမီးများအတွက် တရားမျှတမှုရရှိစေရန် ပြည်သူ့တရားရုံးများမှတဆင့် ပြန်လည်တရားစွဲဆိုနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။
#မအူပင်ထောင် #နိုင်ငံရေးအကျဉ်းသူများ #လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ #Ayeyarwaddy_Times