မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်

အနောက်ပိုင်းတိုင်းဖြစ်သည့် ရခိုင်ပြည်နယ်တွင် စစ်ရှုံးနေသည့်အတွက် စစ်ခေါင်းဆောင် က အနောက်ပိုင်းတိုင်းနှင့်တောင်ပိုင်းတိုင်းကို ကွပ်ကဲရန်အတွက် ကစထမှူးနေရာကို အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ)တို့ကို တိုင်းမှူးများအထက်မှနေ၍ စစ်ဆင်ရေးကွပ်ကဲရသည့် ကာကွယ်ရေး၀န်ကြီးဌာန အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ-၃) နေရာကို ၎င်းယုံကြည်အားထားရသည့် ဒုဗိုလ်ချုပ်ကြီးတေဇကျော်ကို ပြောင်းလဲတာ၀န် ပေးအပ် လိုက်ကြောင်း စစ်ရုံးချုပ်နှင့်နီးစပ်သည့် တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

ဒုဗိုလ်ချုပ်ကြီးတေဇကျော်သည် ယခင်က ကချင်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ကို ကိုင်တွယ်ရသည့် ကစထ-၁ မှူးအဖြစ် တာ၀န်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နေပြည်တော်ကို တာ၀န်ယူရသည့် ကစထ-၆ မှူးနေရာသို့ ပြောင်းရွှေ့ခဲ့သည်။

ယခုအခါတွင် ဒုဗိုလ်ချုပ်ကြီးတေဇကျော်ကို လက်ရှိ ကစထ-၆ နေရာမှ ရခိုင်ပြည်နယ် နှင့် ပဲခူးတိုင်းနယ်မြေများတွင် စစ်ဆင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို တာဝန်ယူ ကွပ်ကဲ ရမည့် ကစထ-၃ နေရာသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုဗိုလ်ချုပ်ကြီး တေဇကျော်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယုံကြည်အားထားရသူတစ်ဦးဖြစ်ကာ ၎င်း၏သဘောအကျဆုံးလူယုံတစ်ဦးတွင် ပါဝင် ပြီး ၎င်းနှင့်အနီးနားတွင်ထားလို၍ ကစထ-၁ မှ ကစထ-၆ ဖြစ်သည့် နေပြည်တော်သို့ ခေါ်ဆောင်ထားခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ကစထ-၃ နေရာဖြစ်သည့် ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး နယ်မြေများတပ်စခန်းများ ဆုံးရှုံးနေသည့်အတွက် စစ်ရေးကွပ်ကဲရန် ကစထမှူးနေရာ ပြောင်း၍ ခန့်အပ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး တေဇကျော်သည် မကြာသေးမီကပြုလုပ်ခဲ့သည့် ပဲခူးတိုင်း၊ နတ်သံ ကွင်းတိုက်ပွဲအတွင်းပါ၀င်ခဲ့သည့် စစ်ကောင်စီတပ်သားများကို ဂုဏ်ပြုပွဲပြုလုပ်သည့် အခမ်းအနားသို့ တက်ရောက်၍ ဆုချီးမြှင့်မှုများပြုလုပ်ခဲ့ပြီး ယခင် ကစထ ၃ မှူးဟောင်းဖြစ်သူ ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်ကိုမူ မည်သည့်နေရာသို့ ပြောင်းရွှေ့ခဲ့သည်ကို မသိရှိရပေ။

ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်သည် အမေရိကန် နှင့် ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့အရေးယူခြင်း ခံထားရသည့် စစ်ဗိုလ်ချုပ်စာရင်းများတွင် ပါဝင်သူ တစ်ဦးဖြစ်သည်။

ပုံစာ-ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်

#ဒုဗိုလ်ချုပ်ကြီးတေဇကျော် #ကစထ၃မှူးနေရာပြောင်းရွှေ့ #Ayeyarwaddy_Times