
ဧရာဝတီတိုင်းမ်
(ပဲခူးတိုင်း)၊ ဇန်နဝါရီ ၁၈ ရက်
ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များတွင် ယခုလ ဇန်နဝါရီလ ဒုတိယပတ်မှစတင်ကာ စစ်ကောင်စီက ပြည်သူ့စစ်များဖွဲ့စည်းရန် ရပ်ကွက်၊ ကျေးရွာများတွင် ဖိအားပေးစေခိုင်း လာသည့်အတွက် ဒေသခံများမှာ ပြည်သူ့စစ်အဖွဲ့အတွင်း ဝင်ရောက်လိုခြင်းမရှိ၍ ထွက်ပြေးတိမ်းရှောင်မှုများ ရှိလာကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်တောင်းမြစ်ဝှမ်းဒေသအတွင်းတွင် ပြည်သူ့စစ်ဖွဲ့စည်းရန် အတင်းအကျပ် ခေါ်ဆောင်မှုများ ပြုလုပ်လာသည့်အတွက် ညောင်လေးပင်၊ ရွှေကျင်၊ ရေတာရှည်၊ ကျောက်တံခါး၊ တောင်ငူ စသည့်မြို့နယ်များမှ ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင် နေရပြီး ရွာလုံးကျွတ်ထွက်ပြေးတိမ်ရှောင်နေရသည်များရှိကြောင်း သိရသည်။
“လောလောဆယ်တော့ရွာတိုင်း ရွာတိုင်းမှာ ဘယ်လောက်ပေးပါဆိုပြီးမဲ ကောက်နေ တာရှိတယ်။ လက်ရှိမြေပြင်မှာတော့ မဲနှိုက်ပြီးတဲ့သူတွေရော မဲမနှိုက်ကသေးတဲ့သူ တွေရော ထွက်ပြေးနေကြတာရှိတယ်။ ရေတာရှည်ဘက်မှာဆို ရွာလိုက်ပြေးလာတာ တွေရှိတယ်။ အောက်ခြေမှာကတော်တော်လေးအခက်အခဲဖြစ်လာကြတယ်။ သက်ဆိုင် ရာ အဖွဲ့အစည်းတွေက စစ်ဘေးရှောင်ပုံစံမျိုးပဲလက်ခံထားရတဲ့အနေအထား တွေဖြစ် နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြည်သူ့စစ်စုဆောင်းရာတွင် အုပ်ချုပ်ရေးမှူးများမှတဆင့် တရွာလျှင် လူဦးရေ ၂၀ နှင့်အထက်တောင်းနေပြီး ရေတာရှည်၊ ကျောက်တံခါး စသည့် မြို့နယ်များတွင် နေအိမ်အတွင်းပါ ဝင်ရောက်ဖိအားပေးခေါ်ဆောင်မှုများ ပြုလုပ် နေကြောင်း သိရသည်။
“မနေ့ကနဲ့ ဒီနေ့ နှစ်ရက်အတွင်း ရေဖြူကန် ဘက်မက ဝင်ရောက်လာတဲ့ စစ်ဘေးရှောင်ဦးရေ ၂၀၀ ဝန်းကျင်ရှိတယ်။ အများစုက ရွှေကျင်မြို့နယ် ဝိုင် ၊ပျဉ်ရေ ဘက်ကို သွားကြတာလို့ သိရပါတယ်။ ပြည်သူ့စစ်ကောက်တဲ့ကိစ္စတွေ၊ ငွေညှစ်တဲ့ ကိစ္စတွေက မြေပြင်မှာရိုက်ခတ်မှုကြီးတယ်။ ဒေသခံတော်တော်များများလဲ ရှောင်တိမ်း ပြေးနေကြတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် စစ်တောင်းမြစ်ဝှမ်းဒေသအတွင်း တော်လှန်ရေးအင်အားစုများ အားကောင်းသည့် ဒေသများကိုမူ အမဲရောင်နယ်မြေအဖြစ်သတ်မှတ်ကာ ပြည်သူ့စစ် စုဆောင်းခြင်းမပြုကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့တပ်ရင်းများတွင် စစ်သားအင်အားလုံလောက်မှုမရှိ တော့သည့် အတွက် ပဲခူးတိုင်းတစ်တိုင်းလုံးရှိ မြို့နယ်များတွင် ရပ်ကွက်၊ ကျေးရွာများအလိုက် ပြည်သူ့စစ်များဖွဲ့စည်းရန်၊ စစ်သင်တန်းတက်ရန် ယခုနှစ် ဇန်နဝါရီလမှစတင်ကာ ဖိအားပေးစေခိုင်းမှုများကို ပြုလုပ်နေခြင်းဖြစ်သည်။
ဓာတ်ပုံ – အင်တာနက်
#ပဲခူးတိုင်း #ပြည်သူ့စစ်ဖွဲ့ရန် #နေအိမ်အတွင်းထိ #အတင်းအကျပ်ခေါ်ဆောင် #စစ်ဘေးရှောင်များအဖြစ် #ရွာလုံးကျွတ်တိမ်းရှောင် #Ayeyarwaddy_Times