နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့အနီးရှိ ကျေးရွာများကို ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်၍ စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူ ခုနစ် ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်က ကျောက်တော်မြို့နယ် ပီချောင်းဒေသ ဝဲကြီးဒေါင့်ကျေးရွာ အနည်းတဝိုက်ကို လေကြောင်းမှ သုံးကြိမ်တိတိ ဗုံကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပြင် ကျောက်တော်မြို့ အခြေစိုက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စခက-၉) မှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“အခုက စစ်တပ်က စစ်ဘေးရှောင်ဒေသတွေကိုပါ လေယာဥ်နဲ့ ဗုံးကြဲတာကော လက်နက်ကြီးတွေနဲ့ပစ်တာတွေပါလုပ်နေတာ။ ဝဲကြီးဒေါင့်၊ ပီချောင်း ၊ သရက်တစ်ပင် ကျေးရွာတွေကို ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်တာတွေလုပ်နေပြီး စစ်ဘေးရှောင်ပြည်သူ ၇ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရထားတယ်” ဟု ကျောက်တော်ရှိ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကျောက်တော်မြို့ မဟာမုနိ ဘုရားကုန်းတော်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်သည် ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက တပ်ပြန်ဆုတ်ခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) က အဆိုပါစစ်ကြောင်းကို ကြားဖြက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်ဖွဲ့များကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က အထိနာ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အတူ ကျောက်တော်မြို့ပေါ်ရှိ စကခ- ၉ မှလည်း လက်နက်ကြီးပစ်ကူမှုများ ပြုလုပ်ခဲ့ ကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိ ကျောက်တော်မြို့နယ်အနည်းတဝိုက်တွင် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း များ ပိုမိုလုပ်ဆောင်လာနိုင်၍ အဆောက်အဦးတစ်ခုအတွင်း စုဝေးနေထိုင်ခြင်း၊ လူစုလူဝေးဖြင့် နေထိုင်ခြင်းများလုပ်ဆောင်ခြင်းမပြုဘဲ သတိဖြင့်နေထိုင်ကြရန် ရက္ခိုင့်တပ်တော် (AA) က သတိပေးထုတ်ပြန်ထားကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ-ကျောက်တော်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်စဉ်
#ကျောက်တော်မြို့ကျေးရွာများ #လေကြောင်းမှတိုက်ခိုက် #စစ်ဘေးရှောင်၇ဦးသေဆုံး #Ayeyarwaddy_Times